အလက်ဇန်းဒါး အာနိုးလ်၊ ကိုင်လီ ဝေါ်ကာတို့နဲ့အတူ အင်္ဂလန်ညာနောက်ခံနေရာအတွက် ပွဲထွက်ခွင့်ရဖို့ ယှဉ်ပြိုင်နေသူပါ။

ချဲလ်ဆီးအသင်းပရိသတ်တွေဟာ အင်္ဂါနေ့ညက ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နောက်ထပ် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ နောက်ခံတောင်ပံကစားသမား ရီးစ် ဂျိမ်းစ်ဟာ ထရင့် အလက်ဇန်းဒါး အာနိုးလ်ထက် အပုံကြီး သာတယ်လို့ ချီးကျူး ပြောကြားခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းအတွက် ပထမပိုင်း ၂၅ မိနစ်မှာ ချာလိုဘက်က အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပထမပိုင်း ပြီးဆုံးချိန်မှာ အိမ်ရှင်အသင်းက ၁-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ချဲလ်ဆီအသင်းကပဲ ကစားကွက်အသာ ခြေအသာနဲ့ ဆက်လက်ကစားနိုင်ခဲ့ပြီး ၅၅ မိနစ်မှာ ရီးစ် ဂျိမ်းစ်၊ ၅၈ မိနစ်မှာ ဟတ်ဒ်ဆန်-အိုဒွိုင်း၊ ပွဲပြီးဆုံးခါနီးမိနစ်ပိုင်းအလိုမှာ တီမို ဗာနာက ဟာကင်း ဇီယက်ရှ်ရဲ့ ပေးပို့မှုကနေတဆင့် ဂိုးတွေ အသီးသီး သွင်းယူခဲ့ကြတာဖြစ်ပါတယ်။



ရီးစ် ဂျိမ်းစ်ဟာ အင်္ဂါနေ့ညနေက စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ သောမတ်စ် တူဟယ်ရဲ့အသင်းက ဂျူဗင်တပ်အသင်းကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးညာနောက်ခံကစားသမားဟာ ယခုရာသီမှာ အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းခြေကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံကစားသမားဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ဆက်လက်ပြသနေတာကြောင့် လီဗာပူးလ်နောက်ခံကြယ်ပွင့် ထရင့် အလက်ဇန်းဒါး အာနိုးလ်နဲ့ နှိုင်းယှဉ်ပြီး ချီးကျူးပြောဆိုမှုတွေ ခံနေရတာဖြစ်ပါတယ်။ ရီးစ် ဂျိမ်းစ်နဲ့ အာနိုးလ်တို့ဟာ ဂါးရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပွဲထွက်ခွင့်နေရာအတွက် မန်ချက်စတာစီးတီး နောက်ခံကစားသမား ကိုင်လီ ဝေါ်ကာနဲ့အတူ လက်ရှိမှာ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။

"ရီးစ် ဂျိမ်းစ်က ထရင့်နဲ့ အပြတ်အသတ်ကွာနေပြီး အဲဒါက ရယ်စရာကောင်းတယ်။ ဘာငြင်းခုံမှုမှ နောက်ထပ်မလုပ်တော့ဘူး။ သူ့ကို ကွင်းထဲက ကြိုက်တဲ့နေရာမှာကစားခိုင်းလိုက်။ သူက မွန်းစတားတစ်ကောင်ပဲ"လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကလည်း "ရီးစ် ဂျိမ်းစ်က ကမ္ဘာပေါ်က အကောင်းဆုံး ညာနောက်ခံကစားသမားပဲ။ လူတွေက သူ့ကို ထရင့်နဲ့ နှိုင်းယှဉ်နေကြတာကို မယုံနိုင်ဘူး"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂါးရတ် ဆောက်ဂိတ်ကတော့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းရွေးချယ်ရာမှာ ပါရမီရှင်တွေပြည့်နှက်နေတဲ့ ညာနောက်ခံနေရာအတွက်တော့ ခေါင်းကိုက်တော့မှာ အသေအချာပဲ ဖြစ်ပါတယ်။

Share

က္က