ရိုးမားနည်းပြ မော်ရင်ဟိုက ဘိုလော့ဂ်နာကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရီနာတိုဆန်းချက်စ်ကို ပြုမူခဲ့တဲ့အရာနဲ့ ပတ်သက်လို့ တောင်းပန်သွားခဲ့ပါတယ်။ အဆိုပါပွဲဖြစ်ရပ်က ပရိသတ်တွေအတွက်ပါ တော်တော်လေးပဟေဠိဖြစ်ခဲ့ရပါတယ်။
ဘိုလော့ဂ်နာကွင်းမှာ ကစားခဲ့ရတဲ့ ဒီပွဲမှာ မော်ရင်ဟိုက ရီနာတိုဆန်းချက်စ်ကို ကွင်းအတွင်း လူစားဝင်ကစားစေခဲ့ပါတယ်။ ဒါပေမယ့်လည်း (၁၈) မိနစ်အကြာမှာပဲ မော်ရင်ဟိုက ရီနာတိုဆန်းချက်စ်ကို ချက်ချင်းဆိုသလို လူစားပြန်လဲခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ အစောပိုင်းက ရီနာတိုဆန်းချက်စ်ဆီမှာ ဒဏ်ရာပြဿနာရှိနေတာကြောင့်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း ကစားသမားဆီမှာ ဘာဒဏ်ရာပြဿနာမှမရှိခဲ့ဘဲ ရီနာတိုဆန်းချက်စ်ကိုယ်တိုင်က မော်ရင်ဟိုရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ဖြစ်ခဲ့ရပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မော်ရင်ဟိုကတော့ “ကျွန်တော် ရီနာတိုဆန်းချက်စ်ကို လူသိရှင်ကြား တောင်းပန်လိုပါတယ်။ ဘောလုံးသမားတစ်ယောက်အတွက် ဒါက အရမ်းကိုခက်ခဲပြီး နည်းပြအတွက်လည်း အတူတူပါပဲ”
“ဒါပေမယ့် ကျွန်တော့်နည်းပြဘဝတစ်လျှောက်လုံး ဒါမျိုးကို ၃-၄ ကြိမ်လောက် လုပ်ခဲ့ဖူးပြီး လွယ်တော့ မလွယ်ကူပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ရိုးမားတို့ အဆင့် (၇) နေရာကို ရောက်ရှိသွားခဲ့ပါတယ်။