ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ မွေးဖွားခဲ့တဲ့ ရင်ချင်းဆက် အမြွာကလေး နှစ်ဦးဟာ ဒီကနေ့ နိုဝင်ဘာလ (၉)ရက်နေ့ နေ့လယ် (၁)နာရီမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
ကလေးနှစ်ဦးဟာ အောက်တိုဘာလ (၃၁)ရက်နေ့ညနေပိုင်းက ပြည်မြို့ အောင်ဇော်ဦး ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ မွေးဖွားခဲ့တာဖြစ်ပြီး အမျိုးသားအင်္ဂါတစ်ခု၊ စအို တစ်ခုနဲ့ ခြေထောက်တစ်စုံသာပါရှိခဲ့တာဖြစ်ပါတယ်။
ကလေးတွေရဲ့ ကျန်းမာရေးကြောင့် အောင်ဇော်ဦးဆေးရုံကနေ ရန်ကုန်မြို့ ကလေးအထုးကု (ဟယ်ပင်)ဆေးရုံကြီးကို နိုဝင်ဘာလ (၂)ရက်နေ့ လွှဲပြောင်းခဲ့တာဖြစ်ပြီး ဒီကနေ့မှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
“ ဟုတ်တယ်ဗျ ၊ဒီနေ့ပဲ ကွယ်လွန်သွားတယ်ကြားတယ်။ စိတ်မကောင်းဘူး။ အသေးစိတ်ကိုတော့ ကျွန်တော်လည်းသေချာမသိရဘူး”လို့ ကလေးတွေကို ပြည်ကနေ ရန်ကုန်ဆေးရုံကိုပို့ဆောင်ခဲ့စဉ်က ကူညီပေးခဲ့တဲ့ ပြည်မြို့ ဒေသတွင်းရေနစ်သူကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌမှ Duwun ကိုပြောပါတယ်။
ကလေးတွေသေဆုံးရခြင်းနဲ့ ပတ်သက်လို့ ဖခင်ဖြစ်သူထံကို Duwun က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
ကလေးတွေရဲ့ ရုပ်အလောင်းကိုတော့ ပြည်မြို့ကိုပဲ ပြန်လည်သယ်ဆောင်သွားမှာဖြစ်တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ Wai Lu Kyaw Foundation pageကနေ အသိပေးပြောကြားထားပါတယ်။