လူကာကူရဲ့ ပြောစကားတွေကတော့ အံ့အားသင့်စရာကောင်းနေပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူကတော့ အသင်းပရိသတ်တွေ ယမ်းပုံမီးကျ ဒေါသပေါက်ကွဲစေမယ့် စကားတွေကို ထပ်မံပြောဆိုလာခဲ့ပြန်ပါတယ်။ ဒီကစားသမားဟာ ချဲလ်ဆီးမှာ မပျော်ရွှင်ဘူးလို့ သူကိုယ်တိုင် ဖွင့်ဟပြောကြားခဲ့သေးပြီး မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း ပြောခဲ့သလို အခုချိန်မှာလည်း တော်တော်ကြီးကို ပရော်ဖက်ရှင်နယ်မပီသတဲ့ စကားမျိုးကို ထပ်မံပြောကြားလာခဲ့တာပါ။



လူကာကူဟာ အင်တာမီလန်ကနေ ထွက်ခွာချိန်ကလည်း အသင်းတာဝန်ရှိသူတွေနဲ့ တင်းမာခဲ့ပြီး နောက်ဆုံးမှာတော့ အင်တာမီလန်က သူ့ကို လက်လွှတ်ခံခဲ့ရပါတယ်။ အင်တာမီလန်ဥက္ကဌ မာရော့တာက လူကာကူအနေနဲ့ အီတလီမြေမှာ မဖြစ်နိုင်တဲ့ လစာငွေပမာဏကို တောင်းဆိုခဲ့တယ်လို့ ပြောခဲ့ပြီး အခု သူ့နေရာ ခေါ်ထားတဲ့ ဂျက်ကိုက အသင်းအတွက် အကောင်းဆုံးအကျိုးပြုနေတယ်လို့ ထိုးနှက်ခဲ့တာပါ။

လက်ရှိဗြိတိန်မီဒီယာတွေထက်မှာ လူကာကူရဲ့ အင်တာဗျူးအစီအစဥ်က စိတ်ညစ်ဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့ ပျံ့နှံ့နေပြီး အင်တာဗျူးဒုတိယပိုင်းမှာလည်း အခုလိုပဲ ထပ်ပြောလာခဲ့ပါတယ်။ လူကာကူက “ကျနော့်ကို အင်တာမီလန်က စာချုပ်သက်တမ်းတိုးဖို့ စိတ်ကူးမရှိခဲ့ဘဲ ဒါက ကျနော့်အတွက် လက်ခံဖို့ ခက်ခဲပါတယ်”

“ကျနော့် အမြင်ပြောရရင် ဥရောပမှာ ထိပ်တန်းအသင်းကြီး သုံးသင်းရှိပါတယ်။ ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ပါ။ ကစားသမားတိုင်းက တနေ့နေ့မှာ အဲ့ဒီအသင်းထဲက တသင်းမှာ ကစားခွင့်ရဖို့ အိပ်မက်မက်ကြပါတယ်။ ဒီတော့ ကျနော်လည်းအတူတူပါပဲ”

“ကျနော် အင်တာမီလန်နဲ့ စာချုပ်သက်တမ်းတိုးဖြစ်ခဲ့ရင် တချိန်က အဲ့ဒီအသင်းကြီးသုံးသင်းထဲက တသင်းကို သွားကစားနိုင်မှာပါ။ ဒါပေမယ့် ဒါကမဖြစ်လာခဲ့ပါဘူး။ ဒီတော့ ကျနော့်အတွက် တသင်းပဲရှိပါတော့တယ်။ ချဲလ်ဆီးပေါ့။ ကျနော် အသင်းကြီးတွေကို သွားဖို့ မဖြစ်နိုင်ချိန်မှာ ချဲလ်ဆီးက လာကမ်းလှမ်းခဲ့တာပါ”

“တကယ်လို့ အင်တာမီလန်ကသာ ကျနော့်ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ရင် ကျနော် အင်တာမီလန်မှာပဲ ဆက်နေဖြစ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လူကာကူရဲ့ ဒီပြောစကားတွေက တော်တော်ကြီးကို ဆိုးရွားလွန်းပြီး လာမယ့်ပွဲတွေမှာ ချဲလ်ဆီးနည်းပြ တူဟယ်လ်ရဲ့ ကစားသမားစာရင်းကနေ ချန်လှပ်ခံရလိမ့်မယ်လို့လည်း ထင်ကြေးတွေ ထွက်ပေါ်နေပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က