ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီနေ့ညနေမှာ မဲခွဲရွေးချယ်ခဲ့တာဖြစ်ပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ လက်ရှိချန်ပီယံရီးရဲလ်ကတော့ နောက်ထပ်အင်္ဂလန်အသင်းတသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး စီးရီးအေကလပ်တွေဖြစ်တဲ့ အေစီမီလန်နဲ့ နာပိုလီတို့ ရင်ဆိုင်ရပါတော့မယ်။
ရီးရဲလ်မက်ဒရစ်-ချယ်လ်ဆီး
ဘင်ဖီကာ-အင်တာ
မန်စီးတီး-ဘိုင်ယန်
အေစီမီလန်- နာပိုလီ တို့ ရင်ဆိုင်ရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်-ချယ်လ်ဆီး၊ မန်စီးတီး-ဘိုင်ယန်တွဲဆိုင်းတွေက စိတ်ဝင်စားစရာကောင်းနေပါတယ်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ရဲ့ ပထမအကျော့ကိုတော့ ဧပြီလ၁၁ ရက်နေ့မှာ ကစားသွားမှာဖြစ်ပြီး ဒုတိယအကျော့ကို ဧပြီ ၁၈ ရက်နေ့မှာ ကစားသွားမှာပါ။ ဒီဆုဖလားကို အရယူဖို့အတွက် ပစ်မှတ်ထားနေပြီး ရေပန်းအစားဆုံးနှစ်သင်းကတော့ ကွာတားဖိုင်နယ်မှာပဲ စောစောစီးစီး လာရောက်တွေ့ဆုံနေပါတယ်။
ချယ်လ်ဆီးကတော့ ချန်ပီယံလိဂ်ရဲ့ ဘုရင်ကြီး ရီးရဲလ်နဲ့ ရင်ဆိုင်ရမှာမို့ အနည်းငယ်ခက်ခဲသွားမယ့် အနေအထားမှာရှိနေပါတယ်။ လက်ရှိမှာ သူတို့က ခြေစွမ်းကောင်းနေပေမယ့် ရီးရဲလ်က ပြီးခဲ့တဲ့ရာသီက သူတို့ကို အနိုင်ယူခဲ့သလို ဒီရာသီမှာလည်း လီဗာပူးလ်ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာပါ။
နာပိုလီကတော့ စီးရီးအေမှာ သူတို့အတွက် မခက်ခဲဘူးလို့ဆိုရမယ့် အေစီမီလန်နဲ့ ပြန်တွေ့ရမှာမို့ ပွဲချောင်တယ်လို့ ယူဆရပါတယ်။ အင်တာမီလန်ကတော့ ပေါ်တူဂီကလပ်တခုနဲ့ ထပ်မံရင်ဆိုင်ရမှာဖြစ်ပြီး ပေါ်တိုကို ကျော်ဖြတ်ခဲ့သလို လုပ်ပြနိုင်မလား စောင့်ကြည့်ရပါမယ်။