မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲနဲ့ ပတ်သက်လို့ ပြိုင်ဘက်အသင်းရဲ့ နားရက်ရရှိမှုကို ဝေဖန်ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် လာမယ့်အပတ် ဘာနေဗျူးမှာ ကစားကြမှာပါ။
မနေ့ညက ဘီလ်ဘာအိုကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိပြီးတဲ့နောက် ရီးရဲလ်မက်ဒရစ်တို့ မန်စီးတီးနဲ့ မကစားခင်အချိန်အထိ ကစားစရာပွဲမရှိတော့ဘဲ ဆက်တိုက် အနားရရှိမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးကတော့ ပြောင်းပြန်အနေနဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားသွားရမှာပါ။
မန်စီးတီးဟာ အခုကြားရက်မှာ အက်စတွန်ဗီလာ၊ အဲ့ဒီနောက် လာမယ့်ပိတ်ရက်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘာနေဗျူးကွင်းကို သွားရောက်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ကစားရမှာပါ။ ပရီးမီးယားလိဂ်ပွဲတွေကလည်း အရေးကြီးနေတာကြောင့် အဓိက,ကစားသမားတွေကို အနားပေးဖို့ကလည်း မန်စီးတီးအတွက် မလွယ်ကူပါဘူး။
ဒီအပေါ်မှာ ဂွါဒီယိုလာက “ကျွန်တော်တို့က ကြားရက်မှာ အက်စတွန်ဗီလာနဲ့ ကစားရမယ်ဗျာ။ ပြီးရင်း စနေနေ့ကျရင်လည်း ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရဦးမယ်။ အင်္ဂါနေ့ကျရင် မက်ဒရစ်မြို့ကို သွားပြီး ကစားရပါဦးမယ်။ ရီးရဲလ်မက်ဒရစ်က ပြင်ဆင်ချိန် (၉) ရက်တောင် ရပါတယ်။ (၉) ရက်တောင်” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီးဟာ မနေ့ညက ပရီးမီးယားလိဂ် အရေးကြီးပွဲစဉ်အဖြစ် အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။ အဆိုပါပွဲပြီးတဲ့နောက်မှာပဲ ဂွါဒီယိုလာက ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ်ဇယားချောင်နေမှုကို အခုလိုပဲ ထောက်ပြပြောဆိုသွားခဲ့တာဖြစ်ပါတယ်။