ပီအက်စ်ဂျီနည်းပြဟောင်း ပိုချက်တီနိုက ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ ဗိုလ်စွဲခဲ့တာက ကံကောင်းလို့ မဟုတ်ဘဲ VAR ကူညီတာကြောင့်လို့ ဖွင့်ဟလာပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီကို ရှုံးထွက် (၁၆) သင်းအဆင့်မှာ အနိုင်ယူခဲ့ပါတယ်။
ပထမအကျော့ အိမ်ကွင်းမှာရော၊ ဒုတိယအကျော့ အဝေးကွင်းမှာရော ပီအက်စ်ဂျီတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘန်ဇီမာရဲ့ နောက်ကျဟက်ထရစ်သွင်းဂိုးကြောင့် ပြိုင်ပွဲကထွက်လိုက်ရပါတယ်။ လက်ရှိနွေရာသီမှာ ပိုချက်တီနို ပီအက်စ်ဂျီနဲ့ လမ်းခွဲခဲ့ရတာကလည်း ဒီပွဲရလဒ်ကြောင့် အများကြီး သက်ဆိုင်ကြောင်း အားလုံးက ယုံကြည်ထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ပိုချက်တီနိုက “လူတိုင်းက ချန်ပီယံလိဂ်ကိုပဲ အာရုံစိုက်နေကြပါတယ်။ ဒါပေမယ့် တခါတလေ ဒါက အနှောင့်အယှက်ဖြစ်စေပါတယ်။ အခြားပြိုင်ပွဲတွေမှာလည်း ပီအက်စ်ဂျီက သာလွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနေတာပဲလေ။ ဒါပေမယ့်လည်း အားလုံးက ချန်ပီယံလိဂ်ဖလားကိုသာ စွဲလမ်းနေကြပြီး ချန်ပီယံလိဂ်ဖလားမရတာနဲ့ ကျရှုံးပြီဖြစ်တော့တာပဲ”
“ဒွန်နာရမ်မာကို ဘန်ဇီမာ ကျူးလွန်သွားတာက သေချာပေါက်ပြစ်ဒဏ်ဘောပါ။ VAR နဲ့ ပတ်သက်ပြီးတော့သာ ပြန်လည်ပြင်ဆင်လိုက်မယ်ဆိုရင် အဲ့ဒီပွဲမှာတင် ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်ကနေ ထွက်ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဂိုးပေးလိုက်ရတဲ့အတွက် ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခီလိုင်ဖီနဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုတို့ အကြီးအကျယ် ပေါက်ကွဲခဲ့ပါတယ်။
အဆိုပါနှစ်ယောက်ဟာ ပွဲအပြီး ဘာနေဗျူးကွင်းထဲက ဒိုင်လူကြီးတွေရဲ့ အဝတ်လဲခန်းထဲအထိ ဝင်ရောက်သောင်းကျန်းခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။ ပိုချက်တီနိုလည်း ပီအက်စ်ဂျီနဲ့ လမ်းခွဲပြီးနောက် အခုချိန်ထိ အသင်းသစ် ရှာမတွေ့သေးပါဘူး။