ဇာဗီရဲ့ ဘာစီလိုနာကတော့ လီဗန်တေးကို အဝေးကွင်းမှာ လုခ်ဒီဂျောင်ရဲ့လှပတဲ့ခေါင်းတိုက်ဂိုးနဲ့ အချိန်ပိုမှာ ဂိုးသွင်းကာ အနိုင်ရရှိသွားခဲ့ပါတယ်။ လာလီဂါမှာ ရလဒ်တွေဆက်တိုက်ကောင်းမွန်နေတဲ့ ဘာစီလိုနာဟာ အဆင့် ၂ နေရာမှာ တပွဲလျော့အနေအထားနဲ့ ရီးရဲလ်နောက် ၁၂ မှတ်အကွာမှာ ရှိနေတာဖြစ်ပြီး လက်ကျန်ပွဲစဉ်အနေအထားအရ ချန်ပီယံမျှော်လင့်ချက်ပါ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဘာစီလိုနာအနေနဲ့ လက်ကျန်ပွဲတပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ၈ ပွဲအလိုမှာ ရီးရဲလ်ကို ၉ မှတ်အကွာနဲ့ ဖိအားပေးနိုင်မှာဖြစ်ပါတယ်။ သင်္ချာနည်းအရရော၊ ဖြစ်လာနိုင်ချေတွေကိုပါ ထည့်တွက်မယ်ဆိုရင် ရီးရဲလ်တို့ ခြေချော်လက်ချော်တွေဖြစ်ပြီး ရလဒ်တွေဆိုးရွားခဲ့ပါက ဘာစီလိုနာက သူတို့နေရာကို ဝင်ယူဖို့အတွက် အသင့်ဖြစ်နေတယ်လို့ ယူဆနိုင်မှာလည်းဖြစ်ပါတယ်။
မနေ့ကပွဲမှာလည်း ဘာစီလိုနာဟာ အရေးကြုံချိန်မှာ အသင်းမှာရှိတဲ့ ကစားသမားတိုင်းဆီကနေ ကူညီမှုတွေကို ရယူနိုင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် အူဘာမီယန်က ဒမ်ဘီလီရဲ့ ဖန်တီးပေးမှုကနေ ချေပခဲ့ပြီး ပီဒရီကလည်း ဂါဗီရဲ့ လှလှပပဖန်တီးပေးမှုကနေပဲ အဆုံးသတ်ကာ ဦးဆောင်ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။
လီဗန်တေးက ပင်နယ်တီကနေပဲ ချေပဂိုးပြန်သွင်းလို့ ဘာကာတို့ ရုန်းကန်ခဲ့ရပြီး ၉၀+၂ မိနစ်မှာမှ လုခ်ဒီဂျောင်ရဲ့ ပါးနပ်တဲ့နေရာယူမှု၊ ခေါင်းတိုက်အဆုံးသတ်ကောင်းမွန်မှုနဲ့ အဖိုးတန်အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ လာလီဂါနောက်ဆုံး ၆ ပွဲဆက်တိုက် ဘာစီလိုနာတို့ နိုင်ပွဲရခဲ့တာဖြစ်ပြီး သူတို့အသင်းရဲ့ ခြေစွမ်း၊ စိတ်ဓာတ်နဲ့ ကစားသမားတွေကြား နားလည်မှုမြင့်မားလာမှုတွေက တော်တော်လေးချီးကျူးစရာကောင်းတဲ့ အနေအထားမှာရှိနေခဲ့ပါတယ်။