ဒီနေ့ည ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲကို ကစားရတော့မှာပါ။

လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြလာနိုင်ပြီဖြစ်တဲ့ ဂက်ခ်ပိုက ဒီနေ့ကစားရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ သူ ပါဝင်ကစားနိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ အန်ဖီးလ်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို ကစားရမှာဖြစ်ပြီး လီဗာပူးလ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးကြေးကို ပြန်ဆပ်ရမယ့်ပွဲလည်းဖြစ်ပါတယ်။ 

ဂက်ခ်ပိုက လီဗာပူးလ်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ၂ပွဲဆက်တိုက် ဂိုးသွင်းခဲ့ပြီး ဝေဖန်ခံနေရမှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဇန်နဝါရီမှာ သူက PSV ကနေ ရောက်ရှိလာခဲ့ပြီး ကလော့ပ်က သူ့ကို ဦးစားပေးအသုံးပြုခဲ့ကာ ယုံကြည်မှုအပြည့်အ၀ပေးခဲ့ပြီး ဂက်ခ်ပိုကလည်း ခြေစွမ်းပြနိုင်ဖို့ကို ကြိုးစားအားထုတ်နိုင်ခဲ့ပါတယ်။ 

"ချန်ပီယံလိဂ်က ကမ္ဘာပေါ်မှာ အကြီးမားဆုံးပြိုင်ပွဲတခုပါ၊ ကစားသမားတိုင်း ဝင်ရောက်ကစားချင်တဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်၊ ကျနော့်အတွက်တော့ ဒီနေ့ပွဲက ကြီးမားတဲ့အခွင့်အရေးတခုပါပဲ၊ ဒီအတွက်လည်း စိတ်လှုပ်ရှားနေပါတယ်၊ ကျနော်က ဒီလိုအဆင့်မှာ ကစားနိုင်တယ်ဆိုတာကို သက်သေပြသွားဖို့လည်း မျှော်လင့်ထားပါတယ်"

"အသင်းတသင်းအနေနဲ့ ကျနော်တို့ အသင့်ဖြစ်နေပါပြီ၊ ဒီပွဲကို ကျနော်တို့ အနိုင်ယူချင်ပါတယ်၊ အထူးသဖြင့် အိမ်ကွင်းမှာပေါ့၊ နောက်တဆင့်ကို တက်ရောက်ချင်ပြီးတော့ အားလုံးအတွက် အသင့်ဖြစ်နေကြပါပြီ" လို့ ဂက်ခ်ပိုက ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ဥရောပပွဲ ၅ ပွဲမှာ တပွဲမှ အနိုင်မရခဲ့ပါဘူး။ 

၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၂၁ တွေမှာ သူတို့တွေ ရင်ဆိုင်ခဲ့ရပြီး ရီးရဲလ်မက်ဒရစ်က ၄ ပွဲအထိ အနိုင်ရကာ ၁ပွဲသရေကျခဲ့ပါတယ်။ ရီးရဲလ်ကတော့ လက်ရှိချန်ပီယံဖြစ်ကာ ပြီးခဲ့တဲ့ရာသီဗိုလ်လုပွဲမှာ လီဗာပူးလ်ကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာပါ။ 


Share

Loading Next Article...
က္က