ပြင်သစ်နဲ့ အာဆင်နယ် ကစားသမားဟောင်း နာဆရီက အမ်ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို မပြောင်းရွှေ့ဘဲ ပီအက်စ်ဂျီမှာပဲ ဆက်နေသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အမ်ဘာပေဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားပါ။
သူ့ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က ကြိုးစားခဲ့ဖူးပြီး လာမယ့်နွေရာသီအတွက် အကြိုသဘောတူညီမှုရထားတယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ဒီသတင်းတွေကို တရားဝင် ကြေညာချက်ထုတ် ငြင်းဆန်ခဲ့ပါတယ်။
နာဆရီကလည်း “အမ်ဘာပေသာ ပီအက်စ်ဂျီကနေ ထွက်သွားခဲ့ရင် အသင်းမှာ ကြီးမားတဲ့ကွက်လပ်ဖြစ်သွားမှာပါ။ ဒါပေမယ့် သူတို့ရဲ့ ငွေကြေးနဲ့ အခြားကစားသမားတွေကို ခေါ်ယူနိုင်ပါတယ်။ အမ်ဘာပေတော့ မဟုတ်ဘူးပေါ့။ ဒါက ရှင်းလင်းပြတ်သားတဲ့ကိစ္စတစ်ရပ်ပါ”
“လက်ရှိအချိန်မှာ အမ်ဘာပေက ကလပ်အတွက်ရော၊ နိုင်ငံအတွက်ပါ အရေးပါတဲ့ ကစားသမားပါ။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ကျွန်တော်ပြောဖူးပါတယ်။ အခုလည်း အတူတူပါပဲ။ သူက ပဲရစ်သားတစ်ယောက်ပါ။ ကျွန်တော်သာ သူ့နေရာမှာဆိုရင် ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် (၁၅) ကြိမ် အိပ်မက်အတွက် သူတို့ဆီ ပြောင်းဖို့ထက် ပီအက်စ်ဂျီမှာပဲ ဆက်နေမှာပါ”
“ကျွန်တော် မာဆေးလ်မှာ ကစားနေတုန်းက အဲ့ဒီအသင်းကို ကာတာတွေ ပိုင်တယ်ဆိုရင် ကျွန်တော် အသင်းကနေ ထွက်ဖြစ်မှာတောင် မဟုတ်ပါဘူး။ ကျွန်တော့်အထင် ကိုယ့်ရွာမှာကိုယ် ဘုရင်လုပ်တာက ကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။