ဂီရိုနာက ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းခဲ့တာပါ။

မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးကနေ ဂီရိုနာကို အငှားနဲ့ လာကစားနေတဲ့ ဗယ်လင်တိုင်းကက်စတီလန်နော့စ်ကတော့ မနေ့ညက ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ တဦးတည်း ၄ ဂိုးအထိသွင်းယူခဲ့ပြီး ဂီရိုနာကို ၄-၂ နဲ့ နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ သမိုင်းတလျှောက် ရီးရဲလ်မက်ဒရစ်ကို လာလီဂါပွဲစဉ်တပွဲတည်းမှာ ၄ ဂိုးအထိ သွင်းယူနိင်တဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ 

မေဂျာလိဂ်မှာ ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့သလို အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံရပြီးနောက် ကက်စတီလန်နော့စ်က ဂီရိုနာကို အငှားနဲ့ ရောက်လာခဲ့တာပါ။ ညက ၄ ဂိုးအပါအဝင် သူက ဒီရာသီ လာလီဂါမှာ ၁၁ ဂိုးအထိ ရရှိသွားပြီး အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးက နေ့ချင်းညချင်းပဲ ထင်ပေါ်ကျော်ကြားသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ 

သူ့ရဲ့ မိခင်ကလပ်နယူးယောက်စီးတီးနဲ့ အငှားလာကစားနေတဲ့ ဂီရိုနာအသင်းတွေဆိုတာ စီးတီးဖွတ်ဘောအုပ်စုတခုတည်းက ပိုင်ဆိုင်တဲ့ အသင်းတွေပါ။ မန်ချက်စတာစီးတီးအသင်းနဲ့ ပိုင်ရှင်တူတဲ့ အုပ်စုတခုတည်းအောက်က အသင်းတွေဖြစ်ပြီး ဒီတော့ အသင်းနှစ်သင်းကြား ကစားသမားတွေ အပြန်အလှန်ဖလှယ်ဖို့က လွယ်ကူခဲ့ပြီး ကက်စတီလန်နော့စ်က အခွင့်အရေးကြီးကြီးမားမားရခဲ့တာလို့တောင် ပြောရပါလိမ့်မယ်။


ရီးရဲလ်တို့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသလို ဒီလို စံချိန်ဆိုးကြီးကိုလည်း ပိုင်ဆိုင်သွားခဲ့ရတာပါ။ ရှုံးပွဲအတွက် စိတ်ပျက်ခဲ့ရသလို အသင်းသမိုင်းမှာ ဘယ်တုန်းကမှမရှိခဲ့တဲ့ မှတ်တမ်းကိုလည်း ဆိုးဆိုးရွားရွား ရေးထိုးလိုက်ရပါတယ်။ တိုက်ဆိုင်မှုကတော့ ရီးရဲလ်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ စီးတီးဖွတ်ဘောအုပ်စုပိုင်ပဲဖြစ်တဲ့ မန်စီးတီးနဲ့ ကစားရမှာပါ။

မနေ့ညက မန်စီးတီးနဲ့ ညီအမအသင်းဖြစ်တဲ့ ဂီရိုနာနဲ့ ကစားရတယ်၊ သူတို့ကို နောက်ထပ် ညီအမအသင်းကနေ အငှားနဲ့ လာကစားနေတဲ့ တိုက်စစ်မှူးက ၄ ဂိုးအထိသွင်းသွားတယ်။ ဒါက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် အကြိုမှာ အီတီဟတ်အုပ်စုက ရီးရဲလ်ကို စုပေါင်းပြီး ချေမှုန်းလိုက်သလိုမျိုးတောင်မှ ဖြစ်နေသလိုပါပဲ။ 

Share

Loading Next Article...
က္က