ရှရစ်ဖ်နည်းပြ ယူကရိန်းပြန်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်တော့မှာပါ။

ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ နာမည်ကြီး ရီးရဲယ်မက်ဒရစ်အတွက် မထင်မှတ်ထားတဲ့အရာတခုဖြစ်ခဲ့ပြီး အဲ့ဒါကတော့ အိမ်ကွင်းမှာ မထင်မရှား အသင်းငယ်လေး ရှရစ်ဖ်ကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။



မော်လ်ဒိုဗာ အမှတ်ပေးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဒီအသင်းငယ်လေးက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံး အသင်း ရီးရဲယ်မက်ဒရစ်ကို အနိုင်ရရှိခဲ့တာက ချန်ပီယံလိဂ်သမိုင်းတလျှောက် ရှော့ခ်ရစရာ အဖြစ်ဆုံးတွေထဲက တခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ရီးရဲယ်မက်ဒရစ်၊ အင်တာမီလန်၊ ရှက်တာဒိုးနက်တို့ ပါဝင်ခဲ့တဲ့ အုပ်စုမှာ ရှရစ်ဖ်က ရမှတ် (၇) မှတ်နဲ့အတူ အုပ်စုတတိယနေရာရရှိခဲ့ပြီး ယူရိုပါလိဂ်ကို ဆက်လက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ ယူရိုပါလိဂ် ပလေးအော့ဖ်မှာတော့ ဘရာဂါကို ရှရစ်ဖ်တို့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ရှရစ်ဖ်ရဲ့နည်းပြ ယူရီဗာနီဒက်ဘ်က သူ့ရဲ့မွေးရပ်မြေ ယူကရိန်းကို ပြန်ကာ လက်နက်ကိုင် တိုက်ပွဲဝင်တော့မယ်လို့ သိရပြီး ရုရှားရဲ့ ကျူးကျော်စစ်ကို ရှေ့တန်းကနေ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ရှရစ်ဖ်အသင်းခေါင်းဆောင် ဂူစတာဗိုဒူလန်တိုက “ယူကရိန်းကို ပြန်သွားတဲ့ ကျနော်တို့ရဲ့ ယူရီကို ဘုရားသခင်က အကာအကွယ်ပေးပါ” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အသက် (၅၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာနီဒက်ဘ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) မှာ ရှရစ်ဖ်ရဲ့ နည်းပြဖြစ်လာခဲ့ပြီး အသက်အရွယ်အားဖြင့်လည်း မငယ်ရွယ်တော့ပါဘူး။ ဒါပေမယ့် ယူကရိန်းသမ္မတ ဇီလန်စကီးက ဘယ်သူမဆို ယူကရိန်းအတွက် တိုက်ပွဲဝင်ချင်တယ်ဆိုရင် ဝင်နိုင်တယ်လို့ ကြေညာခဲ့ပြီးနောက် ဗာနီဒက်ဘ်တယောက် အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယူကရိန်းစစ်မြေပြင် ရှေ့တန်းကို ရောက်ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က