အမ်ဘာပေကို ရီးရဲယ်မက်ဒရစ်ပြောင်းဖို့ အီဘရာဟီမိုဗစ်က တိုက်တွန်းလိုက်တာပါ။

PSG ရဲ့ ကစားသမားဟောင်းလည်းဖြစ်၊ လက်ရှိ အေစီမီလန်မှာလည်း ကစားနေတဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က အမ်ဘာပေအနေနဲ့ အခုထက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ပြောင်းရွှေ့သင့်တယ်လို့ အကြံပေးစကားပြောကြားခဲ့ပါတယ်။



အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီတည်းက ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ပြီး ရီးရဲယ်မက်ဒရစ်ကလည်း ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ (၂) ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် PSG ကတော့ လက်မခံခဲ့ပါဘူး။ အမ်ဘာပေနဲ့ PSG အကြား စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာပါ။

အမ်ဘာပေကို စာချုပ်သစ်ချုပ်ဆိုဖို့ PSG က အပူတပြင်းကြိုးစားနေပြီး အဆင်မပြေခဲ့ရင်တော့ အမ်ဘာပေတယောက် လာမယ့်ဆောင်းရာသီမှာတင် ရီးရဲယ်မက်ဒရစ်နဲ့ အကြိုသဘောတူညီမှုရယူနိုင်ပါလိမ့်မယ်။ ရီးရဲယ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်ကလည်း PSG ရဲ့ လုပ်ရပ်ကို ပေါက်ကွဲနေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခြင်းက ပိုကောင်းလိမ့်မယ်လို့ ပြောခဲ့ဖူးတာပါ။

PSG အားကစားဒါရိုက်တာ လီယိုနာဒိုက ရီးရဲယ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်အပါအဝင် နည်းပြ အန်ဆယ်လော့တီ၊ တိုက်စစ်မှူး ဘန်ဇီမာတို့ကိုလည်း အမ်ဘာပေအကြောင်း မကြာခဏ ပြောဆိုနေတာနဲ့ပတ်သက်လို့ ပြစ်တင်ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ PSG တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်ကိုယ်တိုင်က အခုလိုပဲ ပြောကြားလာခဲ့တာပါ။

အီဘရာဟီမိုဗစ်က “ကျနော် အမ်ဘာပေကို PSG က ထွက်ခွာဖို့ အကြံပေးထားပါတယ်။ သူ့အတွက် ပိုမိုစနစ်ကျတဲ့ ပတ်ဝန်းကျင်ကောင်းတခု လိုအပ်နေလို့ပါပဲ။ ရီးရဲယ်မက်ဒရစ် အသင်းလိုမျိုးပေါ့” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေကိုယ်တိုင်က ရီးရဲယ်မက်ဒရစ်ကိုပြောင်းဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ပြောကြားထားဖူးပြီး လက်ရှိအချိန်မှာ PSG နဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေရှိနေပေမယ့် မကြာခင်မှာပဲ အမ်ဘာပေကို ရီးရဲယ်မက်ဒရစ်ဂျာစီနဲ့ မြင်တွေ့ရဖွယ်ရှိနေပါတယ်။ 

Share

က္က