မန်စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက်ယူနိုက်တက်အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူပေါ့ဂ်ဘာကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ရာသီကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ပေါ့ဂ်ဘာကို အလွတ်ခေါ်ယူနိုင်မှာဖြစ်ပြီး ကစားသမားနဲ့ ယူနိုက်တက်ကြားမှာလည်း စာချုပ်သစ်အတွက် ဆက်လက်ညှိနှိုင်းနေတာမျိုးတွေ မရှိဘူးလို့ သိရပါတယ်။
ဂွာဒီယိုလာက သူ့အသင်းကွင်းလယ်မှာ နေရာစုံကစားနိုင်တဲ့သူ တဦးကို အလိုရှိနေတယ်လို့ သိရပြီး ဒိနေရာကိုဖြည့်ဆည်းဖို့အတွက် ပေါ့ဂ်ဘာကို ပစ်မှတ်ထားလာခဲ့တာပါ။ ဖာနန်ဒင်ဟိုကလည်း ရာသီကုန်ရင် အသင်းကထွက်ခွာတော့မှာဖြစ်လို့ ပေါ့ဂ်ဘာက သူ့ရဲ့နံပါတ်တစ်ပစ်မှတ်ဖြစ်လာခဲ့ပြီး သူလိုချင်တဲ့ပုံစံမျိုးမှာ ကစားပေးနိုင်မယ်လို့လည်း ဂွာဒီယိုလာက ယူဆနေပါတယ်။
အပြောင်းအရွှေ့စည်းမျဉ်းတွေကြောင့် မန်စိးတိးဟာ ရာသီကုန်ထိတော့ ပေါ့ဂ်ဘာကို ကမ်းလှမ်းမှုမျိုး ပြုလုပ်နိုင်မှာမဟုတ်သေးဘဲ ဒါက သူတို့အတွက် အားနည်းချက်တခုဖြစ်လာနိုင်ပါတယ်။ ပြည်ပကလပ်တွေကတော့ ပေါ့ဂ်ဘာနဲ့ အခုကတည်းက ကြိုတင်ဆွေးနွေးနိုင်မှာဖြစ်လို့ ပီအက်စ်ဂျီလိုအသင်းရဲ့ လက်ဦးမှုကိုတော့ မန်စီးတီးတို့ ခံရနိုင်ဖွယ်ရှိနေပါတယ်။
ဒါပေမယ့် မန်စီးတီးကတော့ ပေါ့ဂ်ဘာကို သူ လိုချင်တဲ့ လုပ်အားခပေးချေဖို့ အသင့်ဖြစ်နေတာက အားသာချက်အဖြစ် ရှိနေပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားကို အသင်းဟောင်းဂျူဗီကလည်း စိတ်ဝင်စားနေတာဖြစ်ပြီး သူ့အတွက်တော့ ရွေးချယ်စရာတွေက များပြားနေတာပါ။ တကယ်လို့သာ ပေါ့ဂ်ဘာက မန်စီးတီးကိုရောက်ခဲ့မယ်ဆိုရင် ဒါဟာ ၂၀၀၉ တုန်းက တီဗက်ဇ်ပြောင်းရွှေ့ပြီးနောက် ယူနိုက်တက်ကနေ မန်စီးတီးကိုပြောင်းရွှေ့တဲ့ ပထမဆုံးကစားသမားဖြစ်လာမှာပါ။