ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ဘန်ဇီမာဟာ မနေ့ညက ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်ရရှိခဲ့တဲ့သွင်းဂိုးတစ်ဂိုးကို ဘန်ဇီမာက ပင်နယ်တီကတစ်ဆင့် သွင်းယူသွားခဲ့ပါတယ်။
ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်မှာ (၁၄) နှစ်ကြာ ကစားခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အသင်းဘက်က တရားဝင်အတည်ပြုကြေညာခဲ့ပါတယ်။ ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိမှာဖြစ်ပြီး ဆော်ဒီအာရေဗျကလပ်အသင်းတစ်သင်းသင်းကို ပြောင်းရွှေ့ဖွယ်ရှိပါတယ်။
အသက် (၃၅) နှစ်အရွယ် ဘန်ဇီမာအတွက် ဆော်ဒီဘက်က မက်လောက်စရာ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ယူရိုသန်း (၁၀၀) နဲ့အထက် တန်ကြေးနဲ့ ဘန်ဇီမာကို ကမ်းလှမ်းခဲ့ကြောင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘန်ဇီမာက အသင်းနဲ့ နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးခွင့်ကို မရယူတော့ဘဲ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မနေ့ညက ပွဲမှာတော့ ရီးရဲလ်မက်ဒရစ်တို့ အိမ်ကွင်း ဘာနေဗျူးမှာ ပြိုင်ဘက်ကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ပွဲကစားချိန် (၇၂) မိနစ်မှာ ရရှိလာတဲ့ အသင်းရဲ့ ပင်နယ်တီကို ဘန်ဇီမာက ဂိုးဝင်အောင် ကန်သွင်းပြီး အဆုံးသတ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘန်ဇီမာကို နည်းပြ အန်ဆယ်လော့တီက လူစားလဲခဲ့ပြီး ပရိသတ်တွေ၊ အသင်းဖော်တွေက ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြပါတယ်။
ဒါ့အပြင် ဒီပွဲက ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက် ကစားသမား (၄) ယောက်လောက်ကို တစ်ပြိုင်နက်တည်း နှုတ်ဆက်ခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေက ဘန်ဇီမာအပြင် အသင်းကနေ ထွက်ခွာတော့မယ့် မာရီယာနို၊ အဆန်စီယို၊ ဟာဇက်တို့ကိုလည်း ဂုဏ်ပြုခဲ့ကြပြီး တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ ဘေးလ်၊ ဘန်ဇီမာ၊ ရော်နယ်ဒိုတို့ရဲ့ BBC တိုက်စစ်အတွဲကလည်း အသင်းကနေ လုံးဝပျက်သုဥ်းခဲ့ပြီဖြစ်ပါတယ်။