ကာလို အန်ဆလော့တီက ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြဖြစ်လာဖို့ ရီးရဲလ်မက်ဒရစ်အသင်းကို စွန့်ခွာမယ့်သတင်းတွေကို ငြင်းပယ်သွားခဲ့ပါတယ်။
အီတလီလူမျိုးနည်းပြဟာ ဘရာဇီးလ်အသင်းရဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်က စိတ်ပျက်ဖွယ်ထွက်ခွာခဲ့ရပြီးနောက် တီတီရဲ့ နေရာမှာ အစားထိုးခန့်အပ်မယ့် နည်းပြလောင်းစာရင်းထဲမှာ ထိပ်ဆုံးကနေ ဦးဆောင်နေသူတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ခရိုအေးရှားအသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့တာဖြစ်ပါတယ်။
ခရိုအေးရှားကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ နည်းပြ တီတီက ၎င်းရဲ့ စာချုပ်သက်တမ်းကလည်း ကုန်ဆုံးပြီဖြစ်တာကြောင့် လက်ရွေးစင်နည်းပြရာထူးကနေ နုတ်ထွက်ပြီဖြစ်တဲ့အကြောင်း အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ နောက်ထပ်ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်ခင် ဆုံးဖြတ်ဖို့ အချိန်တွေအများကြီးရှိနေသေးပေမယ့်လည်း နည်းပြသစ်ကို ရှာဖွေနေဆဲဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက ဘာနေဗျူးက အထင်ကြီးဖွယ်စွမ်းဆောင်ရည်တွေကြောင့် နည်းပြသစ်ဖြစ်လာနိုင်သူတွေထဲက တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
အီတလီလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီမတိုင်ခင်ကမှ ရီးရဲလ်မက်ဒရစ်ကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး လာလီဂါထိပ်သီးအသင်းကြီးကို လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရရှိအောင် နည်းပြပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ယခုရာသီမှာ ခါးသီးပြိုင်ဘက် ဘာစီလိုနာရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေရပေမယ့်လည်း အန်ဆလော့တီရဲ့နည်းပြရာထူးက စိုးရိမ်ရခြင်းမရှိဘဲ လက်ရှိမှာတော့ အီတလီလူမျိုးနည်းပြက ဘရာဇီးလ်နည်းပြရာထူးကို ရယူဖို့ထက် ဘာနေဗျူးမှာပဲ ဆက်နေချင်တဲ့အကြောင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။
"ဘရာဇီးလ်ကို နည်းပြဖို့လား။ ကျွန်တော် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို မသိပါဘူး။ ကျွန်တော် ပစ္စုပ္ပန်မှာ နေထိုင်နေပါတယ်။ ကျွန်တော်က အသက်ပိုကြီးလာပြီဖြစ်ပြီး မက်ဒရစ်မှာ ကောင်းမွန်နေတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့မှာ ရရှိချင်တဲ့ ပန်းတိုင်တွေလည်း အများကြီး ရှိပါသေးတယ်။ အနာဂတ်အကြောင်း စဉ်းစားဖို့အချိန်ကရှိပါတယ်။ ကျွန်တော့်စာချုပ်က ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်က အဲဒီမတိုင်ခင် ကျွန်တော့်ကို ရာထူးကနေ မထုတ်ဘူးဆိုရင် ကျွန်တော် ဘယ်ကိုမှ ပြောင်းရွှေ့မှာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။