အမ်ဘာပေဟာ ပီအက်စ်ဂျီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပြီး သူ့အတွက် မက်မောဖွယ် ငွေကြေးနဲ့ ရီးရဲလ်မက်ဒရစ်ကို လဲလှယ်လိုက်ပြီလို့ဆိုရမှာဖြစ်ပါတယ်။ ဒီကစားသမားဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်တာနဲ့ တပြိုင်နက် အံ့အားသင့်စရာ ငွေကြေးကို စတင်ရရှိတော့မှာပါ။
အမ်ဘာပေဟာ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခအဖြစ် ယူရိုသန်း (၃၀၀) ကို ရရှိမှာဖြစ်ပြီး အဲ့ဒီနောက်မှတော့ တနှစ်လုပ်ခ ယူရိုသန်း (၁၀၀) ကို ခံစားခွင့်ရရှိတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အရင်က သတင်းထွက်ခဲ့တဲ့အတိုင်း အသင်းရဲ့ အားကစားစီမံကိန်းတခုလုံးကို ဦးစီးလုပ်ဆောင်ခွင့်ရရှိပါလိမ့်မယ်။
အမ်ဘာပေဟာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်ခွင့်ရှိပြီး ပိုချက်တီနိုကို အလိုမရှိတော့ရင်လည်း နည်းပြသစ်အဖြစ် ဘယ်သူ့ကို ခန့်အပ်မယ်ဆိုတာ ဆုံးဖြတ်နိုင်မှာပါ။ ဒါ့အပြင် အသင်းရဲ့ ကစားသမား အရောင်းအဝယ်ကိစ္စရပ်တွေကိုလည်း အမ်ဘာပေက ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
ဒါဟာ ပီအက်စ်ဂျီကစားသမားတွေရဲ့ အနာဂတ် အမ်ဘာပေ လက်ထဲရောက်သွားပြီလို့ဆိုရမှာဖြစ်ပြီး သူ့အနေနဲ့ ဒီလိုမျိုး မက်မောဖွယ်ရာ ငွေကြေး၊ ဆုံးဖြတ်ပိုင်ခွင့်တွေအတွက် ငယ်ဘဝအိပ်မက် ရီးရဲလ်မက်ဒရစ်ကို ငြင်းဆန်ခဲ့ပြီလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းထားဖို့ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ရတာပါ။
ဒီလိုမျိုး နောက်ဆုံးကမ်းလှမ်းမှုမပြုလုပ်ခင်မှာ အမ်ဘာပေအတွက် ပီအက်စ်ဂျီက လက်လျှော့လိုက်တယ်လို့ သိရှိရပါသေးတယ်။ ဒါပေမယ့် မက်လောက်ဖွယ်ရာ ကမ်းလှမ်းမှုတွေကို နောက်ဆုံးအနေနဲ့ ထပ်မံပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းမှုပြီးတဲ့နောက် ပီအက်စ်ဂျီက အမ်ဘာပေကို အသင်းမှာဆက်ထိန်းထားဖို့ ယုံကြည်ချက်ရှိသွားတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။
ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်ဟာ မနေ့ညက ဘက်တစ်နဲ့ပွဲအပြီး ရီးရဲလ်မက်ဒရစ် အဝတ်လဲခန်းထဲကို သွားရောက်ကာ အမ်ဘာပေ အသင်းကို ပြောင်းရွှေ့လာတော့မှာ မဟုတ်ကြောင်း ရီးရဲလ်မက်ဒရစ် ကစားသမားတွေကို အသိပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီနွေရာသီမှာ မခေါ်ယူနိုင်ခဲ့ရင် လာမယ့်ရာသီတွေမှာလည်း အမ်ဘာပေကို ခေါ်ယူဖို့ လုံးဝကြိုးစားတော့မှာမဟုတ်ဘူးလို့ ပီရက်ဇ်က ဆုံးဖြတ်ခဲ့ပြီးလည်းဖြစ်ပါတယ်။