ဗိုလ်လုပွဲမှာ ရင်ဆိုင်ချင်တဲ့ သူ့ရဲ့ဆန္ဒတွေကတော့ ပြည့်၀သွားခဲ့ပါပြီ။

ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ဆာလာက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်နဲ့ တွေ့ချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ဆန္ဒတွေပြည့်၀သွားခဲ့ပါပြီ။ ရီးရဲလ်မက်ဒရစ်က လီဗာပူးလ်နဲ့အပြိုင် ပရီးမီးယားလိဂ်ဖလားကိုကြိုးစားနေတဲ့ မန်စီးတီးကို အံ့အားသင့်ဖွယ်ရာပြန်လာနိုင်မှုနဲ့အတူ အနိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါပြီ။ 

၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒီနှစ်သင်းရင်ဆိုင်ခဲ့ရပြီးတော့ ရီးရဲလ်က အနိုင်ရရှိခဲ့ပါတယ်။ အခုတော့ သူတို့တွေ ၅ နှစ်အတွင်းမှာ ၂ ကြိမ်မြောက်အဖြစ်နဲ့ ဗိုလ်လုပွဲနွှဲရပါတော့မယ်။ ဆာလာအတွက်လည်း ၂၀၁၈ ဗိုလ်လုပွဲက နာကြည်းစရာတွေရှိနေခဲ့ပြီး လက်စားပြန်ချေဖို့အတွက် အခွင့်အရေးကိုစောင့်ဆိုင်းနေခဲ့တာဖြစ်ပြီး အခုတော့ ဒီအခွင့်အရေးက သူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ပါပြီ။ 

ဒီတခါတွေ့ဆုံမှုမှာတော့ ပိုပြီးတော့ အကြိတ်အနယ်ရှိမယ့်သဘောမှာရှိပါတယ်။ လီဗာပူးလ်က အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားသလို ရီးရဲလ်ကလည်း အရေးနိမ့်နေမှုတွေကနေ အကြိမ်ကြိမ်အခါခါရုန်းထွက်ပြပြီးတော့ ဗိုလ်လုပွဲထိ တက်လာတဲ့အသင်းဖြစ်နေလို့ပါ။ ၂၀၁၈ ကထက် ပိုကောင်းတဲ့ ဗိုလ်လုပွဲဖြစ်လာမှာတော့ သေချာနေပါပြီ။ 

ဆာလာရဲ့ ဆန္ဒတွေပြည့်၀အောင် ရီးရဲလ်က ဖြည့်ဆည်းပေးထားပြီးပါပြီ။ သူတို့တွေ ရင်ဆိုင်အတွေ့မှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာက ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းသွားပြီလည်းဖြစ်ပါတယ်။ ဆာဂျီယိုရာမို့စ်မပါတော့တဲ့ ရီးရဲလ်ကို ဆာလာက လှလှပပလက်စားပြန်ချေနိုင်မလား၊ ဒါမှမဟုတ် ရီးရဲလ်ကပဲ သူ့ကိုထပ်ပြီးတော့ အကြွေးတွေတင်အောင်လုပ်သွားမလားဆိုတာ သိရပါတော့မယ်။ 


ရီးရဲလ်အနိုင်ရလို့ ကျေနပ်နေမယ့်အထဲမှာ ဆာလာပါဝင်နေမယ်ဆိုတာက အသေချာဆုံးပါပဲ။ တွေ့ကြသေးတာပေါ့ကွာလို့များ သူ ကြိမ်းဝါးနေမလားတောင် မသိပါဘူး။ 

Share

Loading Next Article...
က္က