ရီးရဲယ်မက်ဒရစ်က ကမ်းလှမ်းလာရင် စဥ်းစားဖြစ်မလားလို့ ပီကေးကို မေးခွန်းထုတ်ခဲ့တာပါ။

ဘာစီလိုနာနောက်ခံလူကြီး ဂျရတ်ပီကေးက မဟာပြိုင်ဘက် ရီးရဲယ်မက်ဒရစ်မှာ သွားကစားဖို့က ဘယ်လိုမှမဖြစ်နိုင်ဘဲ အဲ့ဒီလို သွားကစားမယ့်အစား သေပဲသေလိုက်တော့မယ်လို့ အပြတ်ပြောကြားသွားပါတယ်။ ပီကေးဟာ ဘာစီလိုနာနောက်တန်းအတွက် မရှိမဖြစ် ကစားသမား၊ အသင်းကို အကောင်းဆုံး ခေါင်းဆောင်နိုင်သူတယောက်ပါ။



ပီကေးတယောက် ဘာစီလိုနာမှာရှိနေတဲ့ အချိန်ကာလက (၁၃) နှစ်ရှိလာခဲ့ပြီး ဒီကာလအတွင်း အသင်းနဲ့အတူ လာလီဂါဖလား (၈) ကြိမ်၊ ကိုပါဒယ်ရေးဖလား (၇) ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၃) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာမှာ ကစားနေချိန်မှာပဲ ပီကေးက နိုင်ငံတကာကစားသမားဘဝ အောင်မြင်မှုတွေအဖြစ် စပိန်လက်ရွေးစင်နဲ့အတူ ယူရိုချန်ပီယံဆု (၂) ကြိမ်နဲ့ ကမ္ဘာ့ဖလား (၁) ကြိမ် ဆွတ်ခူးနိုင်ခဲ့သေးတာပါ။

လက်ရှိအချိန်မှာ အသက် (၃၄) နှစ်ရှိပြီဖြစ်တဲ့ ဒီနောက်ခံလူကြီးက ကတ်တလန်သားတယောက်ဖြစ်ရတာကို ဂုဏ်ယူနေပြီး ရုပ်သံအစီအစဥ်တခုမှာ ရီးရဲယ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကိုသာ ရလာခဲ့ရင် လက်ခံစဥ်းစားဖြစ်မလားဆိုတဲ့ မေးခွန်းကို အခုလိုပဲ ပီကေးက ပြတ်ပြတ်သားသား ဖြေကြားခဲ့ပါတယ်။

“ဒါက လုံးဝကို မဖြစ်နိုင်တဲ့အရာတခုပါပဲ။ ရှိလာမယ့် ကိစ္စလည်း မဟုတ်ပါဘူး။ ကျနော့်အတွက်ကတော့ ရီးရဲယ်မက်ဒရစ်ကို သွားကစားမယ့်အစား အသက်ပဲအသေခံလိုက်ပါတော့မယ်” လို့ ပြောကြားသွားခဲ့တာပါ။ ပီကေးဟာ (၁၉၉၇) မှာ လာမာစီယာကို ရောက်ရှိလာခဲ့ပြီး အဲ့ဒီနောက် ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပါသေးတယ်။

ဒါပေမယ့် (၂၀၀၈) မှာတော့ ဘာစီလိုနာကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တယောက်အဖြစ် သတ်မှတ်ခံထားရပြီးဖြစ်တဲ့ ကစားသမားတယောက်လည်းဖြစ်ပါတယ်။ 

Share

က္က