ဒီရာသီမှာ အသင်းဂိုးရဖို့အခက်တွေ့နေရင် သူဝင်လာပြီးတော့ သွင်းယူပေးနေတာ ခဏခဏပါပဲ။

မန်စီးတီးကို အံ့အားသင့်ဖွယ်ရာ ပြန်လာနိုင်မှုနဲ့အတူ အနိင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရီးရဲလ်တို့ တက်ရောက်ခဲ့ရာမှာ ရိုဒရိုင်ဂိုက သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်ကို ၁-၀ နဲ့ အရေးနိမ့်ချိန်မှာ အန်ဆယ်လော့တီက ထည့်သွင်းခဲ့တာပါ။ ဒါပေမယ့် မိနစ် ၉၀ အထိ ရီးရဲလ်တို့ အရေးနိမ့်နေခဲ့ပြီး ဆီမီးဖိုင်နယ်နဲ့ပဲ ကျေနပ်ရတော့မယ့် အခြေအနေကို ရောက်နေခဲ့ပါတယ်။ 

ထင်မှတ်မထားတာကတော့ အဲဒီနောက်ဆုံးသော မိနစ်အခိုက်အတန့်လေးပါ။ ရီးရဲလ်အတွက် ရိုဒရိုင်ဂိုက အနီးကပ်ပိတ်သွင်းယူကာ ၁-၁ အခြေအနေဖြစ်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်ပို ၃ မိနစ်သာ ကျန်ရှိတော့ပြီး မန်စီးတီးလက်ထဲမှာ ဗိုလ်လုပွဲသွားခွင့်လက်မှတ်က ရှိနေခဲ့ပြီးသားဖြစ်ကာ ဘာနေဗျူးကလပ်အတွက်တော့ ရင်တမမဖြစ်နေရတဲ့ မိနစ်တွေပါပဲ။ 

ချေပဂိုးသွင်းပေးပြီး ၁ မိနစ်မှာပဲ ရိုဒရိုင်ဂိုက ရီးရဲလ်မက်ဒရစ်ကို အသက်ဆက်ပေးနိုင်မယ့်ဂိုးကို ထပ်သွင်းပေးခဲ့ပါတယ်။ ၁ မိနစ်အတွင်းမှာ ၂ ဂိုးသွင်းပေးပြီး ပွဲအဖြေကို သူက ပြောင်းလဲပေးခဲ့တာပါ။ သူ့အတွက်တော့ ဒီရာသီက ရီးရဲလ်မှာ Super-sub အဖြစ်နဲ့ တော်တော်လေးကို အကျိုးပြုနေခဲ့တာဖြစ်ပြီး ချယ်လ်ဆီးနဲ့ကစးခဲ့တဲ့ ကွာတားဖိုင်နယ်မှာလည်း သူ့ရဲ့ဂိုးကြောင့်သာ အချိန်ပိုဆက်ကစားခွင့်ရပြီး ရီးရဲလ်တို့ အနိုင်ရခဲ့တာပါ။

ဒီနေ့ပွဲမှာလည်း သူက ဒီပုံစံအတိုင်းဖြစ်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ဂိုးတွေနဲ့ပဲ ရီးရဲလ်တို့အသက်ဆက်ခဲ့ပြီး အချိန်ပိုကစားခဲ့ရသလို ပြိုင်ဘက်ကလည်း အင်္ဂလန်ကလပ်တသင်းဖြစ်နေခဲ့တာက ထူးခြားချက်ပါပဲ။ ရိုဒရိုင်ဂိုက ဆီဗီလာနဲ့ကစားခဲ့တဲ့ပွဲမှာလည်း အသင်း ၂-၀ နဲ့ အရေးနိမ့်နေချိန်မှာ လူစားဝင်လာပြီး ပထမဆုံးချေပဂိုးသွင်းပေးပြီး အသင်းနိုင်ပွဲပြန်ရအောင် သူကပဲ လှုံ့ဆော်ပေးခဲ့တာပါ။ 

မန်စီးတီးနဲ့ပွဲက သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ တော်တော်လေးအဖိုးတန်ခဲ့ပြီး ဝါရင့်ကစားသမားအားလုံး ဘာမှမလုပ်ပြနိုင်ခဲ့ချိန်မှာ သူက ကယ်တင်ပေးခဲ့တာပါ။ အန်ဆယ်လော့တီရဲ့ ဝှက်ဖဲတချပ်လို့တောင် ဆိုရမှာဖြစ်ပြီး ကြက်ရေးငှက်ရေးဆိုရင် ရိုဒရိုင်ဂိုက အားကိုးရတဲ့ခြေစွမ်းကို တောက်လျှောက်ပြသနေခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က