ဒီလူစာရင်းနဲ့ ဆုဖလားမရယူနိုင်စရာမရှိဘူးလို့လည်း ပြောခဲ့တာပါ။

လာလီဂါအမှတ်ပေးဇယားမှာ ရီးရဲလ်မက်ဒရစ်နောက် ၁၅ မှတ်ကွာဟနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲကနေပါ ထွက်ခဲ့ရပေမယ့် ဘာစီလိုနာနည်းပြဇာဗီက သူ့အသင်းဟာ ဆုဖလားတွေရယူနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ အယ်လ်ချီနဲ့ပွဲမှာ လူငယ်ကစားသမားတွေရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရခဲ့လို့ ဘာကာက ရီးရဲလ်နဲ့ ၁၈ မှတ်ပြတ်တောက်ရာကနေ ၁၅ မှတ်သာ ပြတ်တောက်ခဲ့တာလည်းဖြစ်ပါတယ်။ 



နည်းပြရော်နယ်ကိုးမန်းကို ထုတ်ပယ်ပြီး အသင်းဂန္ထဝင်ကစားသမားဟောင်းဇာဗီကို ခန့်အပ်ခဲ့ပေမယ့် ဘာစီလိုနာကတော့ ရလဒ်ပိုင်းဆိုးရွားနေဆဲဖြစ်ပါတယ်။ အသင်းကစားသမားတွေက သူ့ရဲ့ဘောလုံးကစားတဲ့စတိုင်လ်ကို နားမလည်ဘူးလို့ ဇာဗီက ပြောဆိုခဲ့ပြီး အကောင်းမြင်စိတ်ထားကာ ကြိုးစားမယ်ဆိုရင် ဒီလူစာရင်းနဲ့ ဆုဖလားတွေမရယူနိုင်စရာမရှိဘူးလို့လည်း ဆိုခဲ့ပါတယ်။ 

"လက်တွေ့ကျကျပြောမယ်ဆိုရင် ကျနော်တို့က ဘာလို့ဆုဖလားတွေမရယူနိင်ရမှာလဲ၊ ဆုဖလားတွေရယူဖို့လည်း ကျနော်တို့လမ်းကြောင်းသွေဖယ်တာမျိုးမရှိသေးပါဘူး၊ ဒီအသင်းက ဆုဖလားတွေကို ဖန်တီးပြီး သမိုင်းကြောင်းအရလည်း ကျနော်တို့ ပြောခဲ့ပြီးပါပြီ၊ အများကြီးပဲ မြင်တွေ့ခဲ့ဖူးတာတွေရှိပါတယ်၊ ၁၈ မှတ် ဒါမှမဟုတ် ၂၀ မှတ်လောက် ရီးရဲလ်နဲ့ ကွာဟနေရာကနေ အမှတ်ပေးဖလားကို ရလုနီးပါးအဆင့်ထိ ကျနော်တို့ ပြန်ရောက်ခဲ့ဖူးပါတယ်"

"ဒါကြောင့် အကောင်းမြင်ဖို့လိုပါတယ်၊ ဇန်နဝါရီမှာဆိုရင် ကိုပါဒယ်ရေးစပါတော့မယ်၊ အဲဒီပြီးရင် စပိန်စူပါဖလားပါ၊ အဲဒီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကနေ ကျနော်တို့ စကစားရမယ်၊ ယူရိုပါလိဂ်ကစားရဖို့လည်းရှိနေတာကြောင့် ဆုဖလားတွေအတွက် ကျနော်တို့ တိုက်ပွဲဝင်ဖို့ရှိနေပါတယ်၊ ကျနော်ကတော့ အကောင်းမြင်ပါတယ်၊ ဒါပေမယ့် လက်တွေ့ကျဖို့တော့ လိုပါတယ်၊ ဒီလူစာရင်းနဲ့ ဘာလို့ ဆုဖလားတွေ မရယူနိုင်ရမှာလဲ" လို့ ဇာဗီက ပြောဆိုခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ 

"ဘာစီလိုနာရဲ့ ကစားဟန်ပျောက်ဆုံးနေတာဖြစ်ပြီး ဒါကို ပြန်လည်သယ်ဆောင်လာရပါလိမ့်မယ်၊ ဒီမှာ ခြောက်နှစ်လောက် ကျနော်မရှိတဲ့အတောအတွင်းမှာ နည်းဗျူဟာအရအံ့အားသင့်စရာတွေရှိနေပါတယ်၊ ကျနော်ရှိမနေခဲ့လို့ ဒါကို ဘယ်သူတာဝန်ယူရမလဲဆိုတာ ကျနော်မသိဘူး၊ ဒါပေမယ့် အဲဒါကကျနော်တို့အတွက် အခက်တွေ့စေပါတယ်" လို့လည်း ဇာဗီက ထပ်ပြောခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က