မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံရတာက ရိုးရာတစ်ခုလိုဖြစ်နေပြီလို့ ဖွင့်ဟပြောကြားလာပါတယ်။ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေတာပါ။
သူတို့နှစ်သင်းထဲက အနိုင်ရရှိတဲ့အသင်းက ဆီမီးဖိုင်နယ်အဆင့်မှာ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ နှစ်သင်းအနက် အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ကစားရမှာလည်း ဖြစ်ပါတယ်။ မန်စီးတီးဟာ ပထမအကျော့ကို ဘာနေဗျူးမှာ သွားရောက်ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ အိမ်ကွင်း အီတီဟတ်မှာ ကစားရမှာပါ။
ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့ဆုံတဲ့အပေါ်မှာ ဂွါဒီယိုလာက “ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရိုးရာတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ပြိုင်ပွဲရဲ့ ဘုရင်တွေနဲ့ သုံးနှစ်ဆက်တိုက် ကစားရတာကိုပေါ့။ ကျွန်တော်တို့ ကောင်းမွန်တဲ့ အခိုက်အတန့်ရောက်လာမယ်လို့ မျှော်လင့်ပါတယ်”
“ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ဒီအတွက်ကို ပြောတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ်ရဲ့ အရေးပါတဲ့အဆင့်တွေမှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာပါ။
ရှေ့ဆုံးတစ်နှစ် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုပါ ဆွတ်ခူးရရှိခဲ့ပါတယ်။ မနှစ်ကလည်း မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို ရှုံးကြွေးပြန်ဆပ်ခဲ့ပြီး သူတို့ရဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။