ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်နဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းလိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ အဲ့ဒါကြောင့် ဟာဇက်အနေနဲ့ လာမယ့်ဇွန်လ (၃၀) ရက်နေ့ကစလို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့် ရှိသွားခဲ့ပါပြီ။
ဟာဇက်ဟာ ချဲလ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းမှာ ရှိနေခဲ့တဲ့လေးနှစ်အတွင်း ဒီဘယ်လ်ဂျီယံ တောင်ပံကစားသမားက ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်ခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။
ဟာဇက်အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ချန်ပီယံလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား၊ ကိုပါဒယ်ရေးဖလားတို့ကို တစ်ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လာလီဂါချန်ပီယံဆုနဲ့ စပိန်စူပါဖလားတို့ကိုလည်း ဟာဇက်က အသင်းနဲ့အတူ နှစ်ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဟာဇက်ကို စာချုပ်ဖျက်သိမ်းပြီဖြစ်ကြောင်းကိုလည်း ရီးရဲလ်မက်ဒရစ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က အတည်ပြုကြေညာခဲ့ပါတယ်။
ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်ကို လိုလိုလားလား ပြောင်းရွှေ့လာခဲ့သူတစ်ယောက်ဖြစ်ပြီး အသင်းဘက်ကလည်း သူ့ကို ဂန္တဝင်ကျောနံပါတ် (၇) အတွက် ယုံယုံကြည်ကြည်နဲ့ အချိန်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားက ခန္ဓာကိုယ် အလေးချိန်မြင့်တက်လာမှုနဲ့အတူ အသင်းအတွက် ဘယ်လိုမှ ပြန်မလာနိုင်တော့ဘဲ အခုလိုမျိုး စာချုပ်ဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်။
ချဲလ်ဆီးတောင်ပံကစားသမားဟောင်းဟာ ရီးရဲလ်မက်ဒရစ်မှာ တစ်ပတ်လုပ်ခ ပေါင် (၄) သိန်းအထိ ရရှိခဲ့ပြီး သူ့အတွက် ပေးရတဲ့တန်ကြေး၊ လုပ်ခလစာတွေနဲ့ ကိုက်ညီတဲ့ စွမ်းဆောင်မှုမျိုးကို ပြန်လည်ပြသနိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုရမှာပါ။ လက်ရှိအချိန်မှာတော့ ဟာဇက်ရဲ့ အနာဂတ်က မရေမရာဖြစ်နေပြီး မထင်မှတ်ဘဲ အနားယူသွားနိုင်တာမျိုးလည်းဖြစ်နိုင်တယ်လို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။