အာဆင်ဝင်းဂါးက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ မန်ချက်စတာစီးတီးအသင်းက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲမှာ အေစီမီလန်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်တယ်လို့ ထင်မြင်နေပါတယ်။
မန်ချက်စတာစီးတီးဟာ ဗုဒ္ဓဟူးနေ့ညက ဘိုင်ယန်မြူးနစ်ကို ၂ ကျော့ပေါင်း ၄-၁ နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရာမှာ အနည်းငယ် ပိုမိုရေပန်းစားတဲ့အသင်းဖြစ်လာမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းကလည်း ချဲလ်ဆီးအသင်းကို အင်္ဂါနေ့ညက ၂ ကျော့ပေါင်း ၄-၀ နဲ့ သက်တောင့်သက်သာနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ၂ ရာသီဆက်တိုက် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံသွားရတော့မှာ ဖြစ်ပါတယ်။
အေစီမီလန်နဲ့ အင်တာမီလန်တို့ကလည်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ မီလန်ဒါဘီအဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးက မန်စီးတီးနဲ့ အေစီမီလန်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တွေ့ကြမယ်လို့ ထောက်ခံခဲ့တာဖြစ်ပါတယ်။
“အခုအချိန်မှာ ကျွန်တော်ကတော့ မီလန်နဲ့ မန်စီးတီးတို့ကို နည်းနည်းပိုအားသာချက်ရှိတယ်လို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ခံစစ်ပိုင်း တည်ငြိမ်မှုကြောင့်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ခံစစ်ပိုင်းမှာ နည်းနည်းပိုပြီး ထိခိုက်လွယ်တာကြောင့်ပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က ရီးရဲလ်မက်ဒရစ်ပါပဲ။ သူတို့တွေ ဘယ်သူ့ကိုမဆို ဂိုးသွင်းယူနိုင်ပြီး အဲဒါကြောင့်ပဲ ဒီပွဲက အရမ်းကို ဖွင့်ကစားကြမယ့်ပွဲပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။