ရီးရဲယ်နဲ့အပြောင်းအရွှေ့သတင်းတွေအတွက်ရော၊ သူ့ရဲ့လက်ရှိအနေအထားအတွက်ပါ ကာဗာနီကပြောကြားခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီက လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာ ရီးရဲယ်မက်ဒရစ်က သူ့ကိုခေါ်ယူမယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် စိတ်မဝင်စားသေးကြောင်း တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။ ကာဗာနီဟာ ယူနိုက်တက်နဲ့ စာချုုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားဖြစ်ပြီး ရာသီကုန်မှာ အသင်းကနေထွက်ခွာဖို့ စီစဥ်ထားတဲ့ကစားသမားပါ။



ရီးရဲယ်မက်ဒရစ်ဟာ လာမယ့်ဆောင်းရာသီမှာ အသက် (၃၄) နှစ်အရွယ် ကာဗာနီကို ရေတိုအနေနဲ့ (၆) လစာချုပ်ချုပ်ခေါ်ယူပြီး နွေရာသီမှာ ဟာလန်း ဒါမှမဟုတ် အမ်ဘာပေကို ခေါ်ယူဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ကာဗာနီဟာ ရော်နယ်ဒိုရောက်လာပြီးနောက်ပိုင်း သူဝတ်ဆင်နေတဲ့ ကျောနံပါတ် (၇) ကို ပေးလိုက်ရသလို ပုံမှန်ပွဲထွက်ခွင့်အတွက်လည်း ရုန်းကန်နေရတာပါ။

အဲ့ဒါကြောင့် ကာဗာနီတစ်ယောက် ယူနိုက်တက်ကို စောစောစီးစီး စွန့်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း ကာဗာနီကတော့ “အခုမှ ရာသီအစပဲရှိပါသေးတယ်။ ကျွန်တော် ဘာမှမပြောနိုင်ပါဘူး။ သတင်းတွေကတော့ သူတို့ထုံးစံအတိုင်း တစ်ချိန်လုံးပြောနေမှာပါပဲ”

“သူတို့ကရေးမယ်၊ ပြောမယ်၊ ပြီးရင် အဲ့ဒါတွေကို ပြန်ရောင်းစားရမယ်လေ” လို့ တုံ့ပြန်ပြောကြားသွားခဲ့တာပါ။ ရော်နယ်ဒိုရောက်လာပြီးနောက်ပိုင်း ပွဲထွက်ခွင့်အတွက် ရုန်းကန်လာရတဲ့အပေါ်မှာလည်း ကာဗာနီက “ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပါပဲ။ စကားနိုင်လုပွဲတွေ အများကြီးဖန်တီးခဲ့ပေမယ့်လည်း ဘောလုံးကတော့ ဘောလုံးပါပဲ။ ခင်ဗျား ဒါကို ဘာမှမပြောင်းလဲနိုင်ပါဘူး”

“တစ်စုံတစ်ယောက်ရှိနေလို့ ပွဲထွက်ခွင့်မရဘူးဆိုတာမျိုး မရှိပါဘူး။ အရေးကြီးဆုံးက ကိုယ့်အလှည့်ရောက်လာရင် အမြဲတမ်းအဆင်သင့်ဖြစ်နေဖို့ပါ။ ခင်ဗျားသာဆိုရင်လည်း အမြဲတမ်း ကစားချင်မှာပဲလေ”

“ရော်နယ်ဒိုဆိုလည်း သူ ယူနိုက်တက်မှာ ထာဝရရှိချင်မှာပေါ့။ ဒါပေမယ့် ဒီအကြောင်းအရာတွေက ကျွန်တော့်ရဲ့ စဥ်းစားမှုနဲ့ လုပ်ဆောင်မှုတွေကို အပြောင်းအလဲဖြစ်စေမှာ မဟုတ်ပါဘူး” လို့ပြောကြားသွားခဲ့ပါတယ်။

ကာဗာနီဟာ ပြီးခဲ့တဲ့နွေရာသီအားလပ်ရက် ပြီးဆုံးချိန်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် အသင်းနဲ့ပူးပေါင်းဖို့ နောက်ကျခဲ့တဲ့အပြင် ရော်နယ်ဒိုရောက်လာတာကြောင့် လက်ရှိရာသီ အသင်းရဲ့ပွဲထွက်ကစားသမားစာရင်းမှာ (၁) ပွဲသာ ပါဝင်ခွင့်ရထားတာလည်းဖြစ်ပါတယ်။ 

Share

က္က