ခြေစွမ်းလည်းပြ၊ စိတ်ဓာတ်ပိုင်းလည်း အကောင်းဆုံးဖြစ်နေတာကို ပြသခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဗလင်စီယာကို အိမ်ကွင်းမှာပဲ ဂိုးပြတ်အနိုင်ရခဲ့ပြီး သူတို့ရဲ့ ရှုံးပွဲကနေ ပြန်လည်ရုန်းထွက်လာနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ မထင်မှတ်ဘဲ ဂီတာဖေးကို အရေးနိမ့်ခဲ့တဲ့ ရီးရဲလ်တို့ ဘန်ဇီမာ၊ ဗင်နီရှပ်တို့ရဲ့ သွင်းဂိုးနှစ်ဂိုးစီကြောင့် နိုင်ပွဲပြန်ယူနိုင်ခဲ့ကာ အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နေဆဲဖြစ်ပါတယ်။ 

ရီးရဲလ်အတွက် ခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမားဗင်နီရှပ်ကတော့ ပရိသတ်တွေ သဘောကျပြီးရင်းကျနေမယ့် ခြေစွမ်းကိုရော၊ စိတ်ဓာတ်ပိုင်းကိုပါ ပြသခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်ဟာ ဒီရာသီမှာ အသင်းအတွက် လာလီဂါသွင်းဂိုး ၁၂ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်သလို ဖန်တီးပေးမှုကလည်း ၅ ကြိမ်အထိ ရှိလာခဲ့ကာ အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်နေတာလည်းဖြစ်ပါတယ်။ 



ဒီပွဲမှာလည်း ဗင်နီရှပ်က ကွင်းဘေးထွက်သွားတဲ့ ဘောလုံးကို လိုက်ဆယ်ယူဖို့ကြိုးစားရင်း လိုက်မမီတော့ချိန်မှာ ကွင်းဘေးနားက အသင်းရဲ့လိုဂိုအမှတ်တံဆိပ်နားအရောက် တက်နင်းမိမှာစိုးလို့ ခုန်ကျော်သွားခဲ့ပါတယ်။ ဒီမြင်ကွင်းက ရီးရဲလ်ပရိသတ်တွေကို တော်တော်လေးသဘောကျစေခဲ့ပြီး သူတို့ကစားသမားက ကွင်းတွင်းခြေစွမ်းတင်မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းမှာပါ အမြင့်မားဆုံးဖြစ်နေတယ်ဆိုတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ 

ပွဲကစားချိန်မိနစ် ၈၀ မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိမိအသင်းလိုဂိုကို တက်နင်းမိမှာစိုးလို့ ဗင်နီရှပ်က ခုန်ကျော်ခဲ့တာလည်းဖြစ်ပါတယ်။ ဂီတာဖေးကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကိုဗစ်ကူးစက်ခံထားရလို့ မပါဝင်နိုင်ခဲ့တဲ့ ဗင်နီရှပ်က ဗလန်စီယာနဲ့ပွဲမှာ ပြန်ကစားပေးနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့တာလည်းဖြစ်ပါတယ်။ သူ ပါဝင်ကစားချိန်မှာပဲ ရီးရဲလ်က ဂိုးပြတ်နိုင်ပွဲပြန်ရခဲ့လို့ ဒီကစားသမားရဲ့ အသင်းအပေါ်အကျိုးသက်ရောက်မှုက တော်တော်လေးကြီးမားနေပြီလည်းဖြစ်ပါတယ်။ 

Share

က္က