မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အနေနဲ့ ဘဝလက်ကျန် သက်တမ်းမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ ယုံကြည်ချက်မရှိတော့တဲ့ စကားတွေကို ပြောကြားလာခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကနေ ပူပူနွေးနွေးထွက်ခွာခဲ့ရတာပါ။
ဆီမီးဖိုင်နယ် ဒုတိယအကျော့ရဲ့ မိနစ် (၉၀) အထိ ဗိုလ်လုပွဲကို ခြေထောက်တဖက်လှမ်းထားပြီးဖြစ်ပေမယ့် ရိုဒရီဂိုရဲ့ သွင်းဂိုးနှစ်ဂိုးကြောင့် မမျှော်လင့်ထားတာတွေ ဖြစ်ခဲ့ပါတယ်။ အချိန်ပိုမှာတော့ ပင်နယ်တီပါ ထပ်ပေးလိုက်ရပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အံ့အားသင့်ဖွယ် ပြန်လာမှုကြောင့် မန်စီးတီးတို့ အခုလို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ချဲလ်ဆီးကိုရှုံးနိမ့်ကာ ဆုဖလားနဲ့ လွဲချော်ခဲ့ရပါသေးတယ်။ မန်စီးတီးအနေနဲ့ သမိုင်းကြောင်းမှာ ချန်ပီယံလိဂ်ဖလားကို တကြိမ်တခါမှ မဆွတ်ခူးနိုင်သေးပါဘူး။ ဂွါဒီယိုလာအနေနဲ့လည်း (၂၀၁၁) မှာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးပြီးနောက်ပိုင်း ဘိုင်ယန်မြူးနစ်၊ အခု မန်စီးတီးတို့ကို ကိုင်တွယ်ခွင့်ရသည့်တိုင် ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာနေခဲ့ရပါတယ်။
ဒီလိုမျိုး မန်စီးတီးနဲ့ ချန်ပီယံလိဂ်က ပြုတ်ခဲ့တဲ့နောက် ဂွါဒီယိုလာက “အခုချိန်မှာ ဒီရှုံးပွဲက ကြေကွဲစရာဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကောင်းမွန်တဲ့ အမှတ်တရတွေလည်း ရှိလိမ့်ဦးမှာပါ။ အသင်းသားတွေကိုတော့ ကျနော် ဘာမှမပြောရသေးပါဘူး။ ကျနော်တို့ ခံစားနေရတဲ့အရာတွေကို အကူအညီပေးနိုင်တဲ့ စကားလုံးမရှိပါဘူး”
“ဒါက အချိန်ယူရမယ့်ကိစ္စတရပ်ပါ။ ကောင်းကောင်းအိပ်စက် အနားယူမယ်။ ပြီးရင် နောက်ထပ် ပစ်မှတ်တခုအကြောင်းကို စဥ်းစားရပါမယ်။ အခုလိုမျိုး မန်စီးတီး ချန်ပီယံလိဂ်ဖလားမရတာက ကျနော့်ဆီမှာ လုံလောက်တဲ့ အရည်အချင်းမျိုးမရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ တခြားကစားသမားတွေ၊ နည်းပြတွေနဲ့ဆိုရင် ဘယ်လိုဖြစ်နိုင်မလဲဆိုတာ ဘယ်သူမှမသိဘူးလေ”
“ဒါကို လက်ခံရမှာပါ။ ကျနော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိနေပါသေးတယ်။ ဘောလုံးရာသီက ကျနော်တို့ လက်ထဲမှာရှိနေတုန်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူးထက် တမှတ်အသာနဲ့ ဦးဆောင်ထားပြီး မနက်ဖြန်ညမှာတော့ နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။