ဘာနေဗျူးကွင်းလုံခြုံရေးက ကြိတ်ပြီး အောင်ပွဲခံခဲ့ရတာပါ။

ရီးရဲလ်မက်ဒရစ်နဲ့မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပြီးဆုံးသွားတာက တပတ်ဝန်းကျင်ရှိလာပြီဆိုပေမယ့် ဒီပွဲနဲ့ပတ်သက်တဲ့ အငွေ့အသက်တွေက ပြောလို့မဆုံးဖြစ်နေဆဲပါပဲ။ ရီးရဲလ်မက်ဒရစ်ရဲ့ အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုနဲ့အတူ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာက ပရိသတ်တွေအတွက် တကယ်ကို ကျေနပ်အားရစရာဖြစ်ခဲ့ပါတယ်။



ဒီအသင်းက ဒီရာသီ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်၊ ကွာတားနဲ့ ဆီမီးဖိုင်နယ် သုံးပွဲလုံးကို ဒုတိယအကျော့အနေနဲ့သာ လက်ခံကစားခွင့်ရခဲ့တာပါ။ ဒီသုံးပွဲလုံးမှာလည်း လုံးဝကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ရပြီလို့ကို အားလုံးက ထင်မှတ်ခဲ့ကြတာပါ။

ဒါပေမယ့်လည်း ဒီသုံးပွဲလုံးမှာ နောက်ကျသွင်းဂိုးတွေ၊ နောက်ဆုံးမိနစ်သွင်းဂိုးတွေနဲ့အတူ ပြိုင်ဘက်တွေကို အနိုင်ယူကျော်ဖြတ်ပြခဲ့ပါတယ်။ အထူးသဖြင့် မန်စီးတီးနဲ့ပွဲမှာ နောက်ဆုံးမိနစ်အထိ မာရက်ဇ်ရဲ့သွင်းဂိုးနဲ့ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အနေနဲ့လည်း အဲ့ဒီအချိန်ထိ မန်စီးတီးဂိုးပေါက်ကို တကြိမ်တောင် တည့်မတ်အောင် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

နှစ်ကျော့ပေါင်းရလဒ်ကလည်း နှစ်ဂိုးကွာနေခဲ့တာပါ။ ဒါပေမယ့် မိနစ် (၉၀) နဲ့ နာကျင်အချိန်ပို (၁) မိနစ်တို့မှာ ရိုဒရီဂိုက နှစ်ဂိုးဆက်တိုက် အမှတ်မထင်သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် အချိန်ပိုမိနစ် (၃၀) မှာတော့ ဘန်ဇီမာရဲ့ ပင်နယ်တီဂိုးကြောင့် ရီးရဲလ်မက်ဒရစ်တို့ ဗိုလ်လုပွဲတက်ရောက်ခဲ့တာပါ။

ဘန်ဇီမာရဲ့ ပင်နယ်တီကန်သွင်းယူပြီးချိန်၊ ရီးရဲလ်မက်ဒရစ် ကစားသမားတွေ မန်စီးတီးကွင်းဘက်ခြမ်းမှာ အောင်ပွဲခံနေချိန်မှာ ဘာနေဗျူးကွင်းလုံခြုံရေးတယောက်ကလည်း တိတ်တခိုးလေး ကြိတ်အောင်ပွဲခံခဲ့ရပါတယ်။ အဆိုပါလုံခြုံရေးဟာ သူ့ရဲ့တာဝန်ကြောင့် ပရိသတ်ရှိရာဘက်ကို မျက်နှာလွှဲခွင့်မရှိပါဘူး။

အဆိုပါလုံခြုံရေးရဲ့နာမည်ကတော့ ရာဖေးလ်အိုလ်မိုဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ပရိသတ်တယောက်လည်းဖြစ်ပါတယ်။ သူ အခုလို အောင်ပွဲခံနေတာနဲ့ပတ်သက်လို့တော့ ပွဲပြီးမှ အောင်ပွဲခံတယ်၊ ဒါမှမဟုတ် ဘန်ဇီမာ ပင်နယ်တီကန်ပြီးချိန် အောင်ပွဲခံတယ်ဆိုပြီးတော့ အမြင်အမျိုးမျိုး ကွဲပြားနေပေမယ့် ကွင်းလုံခြုံရေးတယောက် တာဝန်တဖက်နဲ့ သူအားပေးတဲ့အသင်း အိမ်ကွင်းမှာ သမိုင်းဝင်နိုင်ပွဲအတွက် ကြိတ်ပြီး အောင်ပွဲခံခဲ့တာကတော့ ပရိသတ်တွေအတွက် သဘောကျစရာဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က