လိုင်လီ၊ အေဂျက်အသင်းတို့နဲ့ ပထမဆုံးဥရောပမှာ တွေ့ဆုံကစားရမှာပါ။

ချယ်ဆီးဂန္တဝင်ကစားသမား ပီတာချက်က အေဂျက်၊ ဗလင်စီယာနဲ့ လိုင်လီအသင်းတို့နဲ့အတူ ကျရောက်နေတဲ့ အုပ်စု H မှာ ချယ်ဆီးအသင်းက ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်သလို အသင်းတိုင်းကလည်း ချယ်ဆီးကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့ကြောင်း Metro ရဲ့သတင်းအရ သိရပါတယ်။

ဥရောပထိပ်သီးအသင်းတွေဟာ ယမန်နေ့က မိုနာကိုမှာပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲရလဒ်ကို ရင်ခုန်စွာစောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်ဆီး၊ လီဗာပူး၊ စပါးနဲ့ မန်ချက်စတာစီးတီးတို့ဟာ လာမယ့်လတွေမှာ စိတ်ဝင်စားစရာပွဲစဉ်တွေကို ကစားရတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ လီဗာပူးအသင်းကတော့ နာပိုလီ၊ ဆဲလ်ဘတ်၊ ဂျန့်ခ်တို့နဲ့ အုပ်စု E မှာ ကျရောက်နေပြီး ဒုတိယရခဲ့တဲ့ စပါးအသင်းကတော့ ဘိုင်ယန်မြူးနစ်၊ အိုလံပီယာကော့စ်၊ ရက်ဒ်စတားဘဲလ်ဂရိတ်တို့နဲ့အတူ အုပ်စု B မှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကတော့ အုပ်စု C မှာ ရှက်တာဒိုးနတ်၊ ဒိုင်နမိုဇာဂရက်၊ အတ္တလန်တာအသင်းတို့နဲ့အတူ ကျရောက်နေတာဖြစ်ပြီး လက်ရှိအချိန်မှာ ချယ်ဆီးအသင်းရဲ့ နည်းစနစ်ပိုင်းနဲ့ စွမ်းဆောင်ရည်အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ ပီတာချက်က မနေ့က မဲခွဲပွဲမှာ ပါဝင်မဲနှိုက်ပေးခဲ့တာဖြစ်ပါတယ်။



ချယ်ဆီးအသင်းဟာ အေဂျက်၊ လိုင်လီအသင်းတို့နဲ့ ဥရောပမှာ ပထမဆုံးအကြိမ်တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ချယ်ဆီးပရိသတ်တွေအနေနဲ့ ပြိုင်ဘက်အသစ်နဲ့ စိတ်လှုပ်ရှားဖွယ်တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် စိတ်ပျော်ရွှင်ကြလိမ့်မယ်လို့ ပီတာချက်က ယုံကြည်နေတာဖြစ်ပါတယ်။

“လွယ်ကူတဲ့အုပ်စုတော့မဟုတ်ပါဘူး။ အားလုံးက သူမသာကိုယ်မသာဖြစ်နေတဲ့အုပ်စုပါ”

“အသင်းအားလုံးက အရည်အသွေးတွေအများကြီးရှိပါတယ်။ ဘယ်အသင်းက ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တဲ့ အုပ်စုအချို့ထဲက တစ်ခုဖြစ်ပြီး အဲဒါက အရမ်းစိတ်ဝင်စားဖို့ ကောင်းစေပါတယ်”

“ဒါပေမယ့် ကျွန်တော်တို့ မဲခွဲမှုနဲ့ပတ်သက်ပြီး စိတ်ကျေနပ်နိုင်ပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းရှည်မှာကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ အဲဒါက အကောင်းဘက်ကတွေးနိုင်တဲ့ အရာတစ်ခုပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က