ဒီဆိုင်လေးက ရမ်းဗြဲဒေသရဲ့ ဟင်းချက်လက်ရာစစ်စစ်ကိုမြည်းစမ်းကြည့်နိုင်မယ့်ဆိုင်လေးပါ။

ရခိုင်ရိုးရာအစားစာကို ဒေသလက်ရာစစ်စစ်အိမ်ချက်လက်ရာလေးအတိုင်း မြည်းစမ်းကြည့်နိုင်မယ့် ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဆိုင်လေးကတော့ ကြည်မြင်တိုင်မြို့နယ်မှာဖွင့်လှစ်ထားတဲ့ ဒေါ်၀င်းရခိုင်ရိုးရာထမင်းဆိုင်လေးပဲဖြစ်ပါတယ်။



ရခိုင်ကိုရောက်သွားသလိုခံစားရစေမယ့် ရခိုင်အစားအစာအိမ်ချက်လက်ရာဆိုင်လေး

ဒီဆိုင်လေးကတော့ ရခိုင်ပြည်နယ်ကနေ ရန်ကုန်မှာအခြေချအလုပ်လုပ်ကိုင်နေတဲ့လူငယ်လေးရဲ့စိတ်ကူးနဲ့ ဖွင့်လှစ်ထားတဲ့ဆိုင်လေးပါ။ရခိုင်ဒေသခံလူငယ်လေးတွေကို အလုပ်အကိုင်အခွင့်လမ်းဖန်တီးပေးချင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ရခိုင်အစားစာတွေရောင်းချပေးချင်တဲ့စိတ်ကူးနဲ့စတင်ခဲ့တဲ့ဆိုင်လေးပါ။ဒီဆိုင်လေးမှာ ရခိုင်ပြည်နယ်ရမ်းဗြဲဒေသရဲ့ဟင်းချက်လက်ရာရခိုင်ရိုးရာအစားစာလေးတွေကို မြည်းစမ်းကြည့်နိုင်မှာပါ။ ဒီဆိုင်လေးမှာရရှိနိုင်တဲ့စားဖွယ်စုံတွေကို ရခိုင်လူမျိုးဒေသခံတွေကိုယ်တိုင်ချက်ပြုတ်ထားတာကြောင့် အိမ်ချက်လက်ရာလေးတွေကိုစားသုံးရင်း ရခိုင်ပြည်နယ်ကိုရောက်သွားတဲ့ခံစားမှုမျိုးကိုရရှိစေမယ့်ဆိုင်လေးပါ။

“ကျွန်တော်က ရန်ကုန်မှာကိုယ်ပိုင်GYMလေးဖွင့်ထားတယ်။ မိဘတွေကရန်ကုန်မှာဆေးကုဖို့လာရင်ကြာကြာနေ ရတဲ့အခါ အမေကရခိုင်စာလေးတွေချက်ကြွေးရင် GYMမှာစားကြတော့ အားလုံးကကြိုက်ကြတယ်။ ဆိုင်လေးဖွင့်ပါလားလို့ပြောကြတော့ အဖေနဲ့အမေလည်း အလုပ်လေးတစ်ခုရှိရင် စိတ်အားတက်မယ်ဆိုပြီး ဒီဆိုင်လေးကိုဖွင့်ဖြစ်တာပါ။ဆိုင်ဖွင့်တော့လည်းကျွန်တော်တို့နယ်ကလူငယ်လေးတွေကို ခေါပြီး အလုပ်ပေးနိုင်မယ်ဆိုတဲ့စိတ်ကူးလေးလည်းပါတယ်။နယ်မှာကအလုပ်ရှားတော့ ရန်ကုန်မှာအလုပ်လုပ်ချင်တဲ့ သူတွေအတွက်သူတို့လုပ်တတ်တဲ့ရခိုင်အစားစာချက်ပြုတ်တဲ့အလုပ်လေးဆို သူတို့လည်းအဆင်ပြေမယ်ဆိုပြီး ဖွင့်ဖြစ်တာပါလို့”ဒေါ်၀င်းရခိုင်ထမင်းဆိုင်ရဲ့  ပိုင်ရှင်ကိုထွန်းအောင်ခိုင်ကပြောပါတယ်။

GYMဆရာကိုယ်တိုင် ဦးစီးတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ရခိုင်ဆိုင်လေး

ရခိုင်အစားစာတွေဟာ ဆီပါ၀င်မှုနည်းတာကြောင့်ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်ချက်ပြုတ်မှု ပုံစံလို့ဆိုနိုင်ပါတယ်။ဒါ့အပြင် ကိုယ်တိုင်က GYMသင်တန်းဆရာတစ်ဦးဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုကို စနစ်တကျသိရှိသူဖြစ်တာကြောင့် ဆိုင်မှာရောင်းချတဲ့အစားအစာတွေကို ချက်ပြုတ်ရမှာ လက်ဆက်တဲ့အသား၊ငါးတွေကိုသာအသုံးပြုပြီး သဘာဝအရသာအတိုင်း စားကောင်းအောင် ချက်ပြုတ်ပြင်ဆင်ရောင်းချတယ်လို့ဆိုပါတယ်။

“ဆိုင်မှာရောင်းတဲ့စားဖွယ်စုံတွေအတွက် လက်ဆက်တဲ့အသား၊ငါးတွေကိုပဲသုံးတယ်။အချိုမှုန့်မသုံးဘူး အချိုအတွက်ဆိုရင် ကျွန်တော်တို့အိမ်မှာသုံးတဲ့ ဒေသဟင်းခက်မှုန့်လေးတွေဖြစ်တဲ့ ငရွှေကိုအခြောက် လှမ်းထားတာကိုထောင်းပြီးပြန်သုံးတယ်။နောက်ပုဇွန်အမှုန့်သုံးတယ် မျှင်ငပိကောင်းကောင်းသုံးတယ် တစ်ခါတစ်လေငါးအမှုန့်တို့၊ပုဇွန်အမှုန့်တို့မရတဲ့အခါမျိုးကြရင်တော့ ခနောကြက်သားမှုန့်သုံးတယ်။ ဆိုင်မှာရတဲ့ကြက်သောက်ဆမ်းတို့ကြက်သားသုပ်တို့အတွက်ဆိုရင်လည်း ကြက်သားကိုပြုတ်တဲ့နေရာမှာ ကျွန်တော်က အရေခွံထည့်မပြုတ်ဘူး။ ကြက်အရေခွံကထွက်လာမယ့် အဆီကကျန်းမာရေးနဲ့မညီညွတ်တော့ ကြက်သားဝယ်ကတည်းကအရေခွံကိုသေချာဖယ်ခိုင်ပြီးဝယ်တယ် အဲ့လိုလေးတွေကအစဂရုစိုက်ပြီးချက်ပြုတ် ထားပါတယ်”လို့ကိုထွန်းအောင်ခိုင်ကပြောပါတယ်။

ရခိုင်စာစားရင်း ရခိုင်စကားလေ့လာမယ်

ဒီဆိုင်လေးရဲ့ထူးခြားချက်တစ်ခုကတော့ ဆိုင်မှာရောင်းချတဲ့ရခိုင်အစားစာတွေရဲ့ မီနှူးကို ရခိုင်အသံထွက်အတိုင်း ဗမာလိုရေးသားထားတာဖြစ်ပါတယ်။ဆိုင်မှာလာစားရင်းရခိုင်စကားကိုလေ့လာနိုင်ဖို့ ရည်ရွယ်ပြီး အခုလို စီစဥ်တာလို့ဆိုပါတယ်။ရခိုင်စကားကိုစိတ်၀င်စားသင်ယူချင်တဲ့သူတွေအတွက် ရခိုင်အစားစာလေးတွေစားရင်း ဒေသခံတွေနဲ့ရင်းရင်းနှီးနှီးစကားပြောဆိုလေ့လာနိုင်မှာလည်းဖြစ်ပါတယ်။

ဒေါ်၀င်းရခိုင်ရိုးရာထမင်းဆိုင်လေးမှာမြည့်စမ်းနိုင်မယ့် ရခိုင်စာလေးတွေကတော့

ဒေါ်၀င်းရခိုင်ရိုးရာထမင်းဆိုင်လေးမှာတော့ ရခိုင်အမဲသားဟင်းချက်၊ရခိုင်ရိုးရာခရမ်းသီးမြေအိုးနှပ်၊အပါအ၀င် ရခိုင်ရိုးရာအသုပ်တွေဖြစ်တဲ့ ကြက်သားသုပ်၊ရခိုင်ပုဇွန်သုပ်၊သစ်ခေါက်ပွင့်သုပ်၊ကျောက်ပွင့်သုပ်၊ ကျောက်ကြိုးသုပ်၊ငါးနီတူသုပ်၊ရခိုင်ရေကြက်သုပ်၊ရခိုင်ထမင်းသုပ်၊ရေခူသုပ်၊ရခိုင်လိုပကာသီးသုပ်လို့ခေါ်တဲ့ သင်္ဘောသီးသုပ်၊သနပ်စုံသုပ်၊ကြက်သောက်ဆမ်း၊ငါးသောက်ဆမ်းနဲ့ရခိုင်မုန့်တီ၊ရခိုင်မုန့်တီသုပ်တို့ရရှိနိုင်ပါတယ်။ ကြက်သားသုပ်၊ငါးနီတူသုပ်ထဲမှာ ဂျစ်နဲ့ခြစ်ထားတဲ့သရက်သီးလေးတွေပါထည့်သုပ်တာကြောင့် တမူကွဲပြားတဲ့ အရသာကိုခံစားရမှာပါ။မြေပဲဆံထောင်းလေးနဲ့ရေခူအချိုသုပ်လေးကလဲ ရခိုင်အစားစာစပ်စပ်လေးတွေကြားမှာ တမျိုးစားကောင်းတဲ့အသုပ်လေးပါ။ ငါးရွှေကြက်တိုက်ကင်လေးနဲ့ချက်ထားပြီး ငါးကင်အဖက်လေးတွေပါ၀င်တဲ့ ရခိုင်မုန့်တီဟင်းရည်ကလည်း မုန့်တီကြိုက်သူတွေကို အကြိုက်တွေ့စေမှာပါ။

ဆိုင်လိပ်စာလေးနဲ့စျေးနှုန်း

ဒေါ်၀င်းရခိုင်ရိုးရာထမင်းဆိုင်လေးရဲ့လိပ်စာကတော့ အမှတ်၂၊မြေညီထပ်၊စလင်းလမ်း ကြည့်မြင်တိုင်မြို့နယ် မှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက်၉နာရီကနေည၈နာရီထိဖြစ်ပါတယ်။ ဆိုင်မှာရောင်းချတဲ့ဟင်းပွဲ တွေရဲ့စျေးနှုန်းကတော့ အရန်ဟင်း၊ငါးပိထောင်းတို့စရာနဲ့ကြက်သောက်ဆမ်းဟင်းရည်တို့ပါ၀င်တဲ့ ထမင်းဟင်းတစ်ခါပြင်(၃၀၀၀)ကျပ်၊ကြက်သောက်ဆမ်း၊ငါးသောက်ဆမ်းတစ်ပွဲ(၂၅၀၀)ကျပ်၊ ပင်လယ်စာသုပ်(၃၀၀၀)ကျပ်၊ရခိုင်မုန့်တီ(၅၀၀)ကျပ်၊မုန့်တီသုပ်(၈၀၀)ကျပ်ဖြစ်ပါတယ်။ ရခိုင်အစားစာကြိုက်နှစ်သက်သူတွေအတွက်စျေးတန်ပြီးလက်ရာကောင်းတဲ့ ရခိုင်ရိုးရာအစားစာဆိုင်လေးမို့ မြည်းစမ်းကြည့်နိုင်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က