မနက်ဖြန်မှာ ရီးရဲလ်နဲ့ဘာကာတို့ ခြေစမ်းပွဲကစားသွာမှာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကတော့ မနက်ဖြန်မနက်ကစားရတော့မယ့် အယ်လ်ကလက်စီကို ခြေစမ်းပွဲမတိုင်ခင်မှာ ပြိုင်ဘက်နည်းပြဇာဗီဖြစ်သူကို ခနဲ့သွားခဲ့ပါတယ်။ လာလီဂါထိပ်သီးနှစ်သင်းဟာ အမေရိကမှာ ခြေစမ်းမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း အလားတူခြေစမ်းပွဲကစားခဲ့ကာ ပွဲချိန်အတွင်း ခိုက်ရန်ဖြစ်ပွားတဲ့အထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ 

လာမယ့်ပွဲမှာလည်း အလားတူမြင်ကွင်းမျိုးတွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ဒီနှစ်သင်းကြားမှာ ခြေစမ်းပွဲဆိုတာ မရှိဘူးလို့လည်း နှစ်ဖက်စလုံးက ပြောဆိုထားကြပါတယ်။ အခုအခါ အန်ဆယ်လော့တီကလည်း ဒီပွဲမှာ သူတို့ ကောင်းကောင်းမကစားနိုင်ရင် ဒါက မြက်ခင်းကြောင့်လို့ သူ ပြောမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ဒါဟာ ဘာစီလိုနာတို့ ရလဒ်ဆိုးခဲ့တုန်းက ကွင်းမြက်ခင်းပြင်ကို အပြစ်တင်ခဲ့ဖူးတဲ့ ဘာကာနည်းပြဇာဗီရဲ့ ပြောဆိုမှုကို အန်ဆယ်လော့တီက ပြန်လည်ဖော်ထုတ်သွားခဲ့တာပါ။ ဒီစကားကြောင့် ပွဲအရှိန်ကလည်း ပိုပြီးတော့ မြင့်တက်သွားဖွယ်ရာရှိပြီး စိတ်ဝင်တစားစောင့်ကြည့်ရဖို့ ရှိနေပါတယ်။ 

အန်ဆယ်လော့တီက "ဒီကွင်းက အရမ်းကောင်းမွန်ပါတယ်၊ ကွင်းရဲ့ အငွေ့အသက်၊ ပရိသတ်တွေ လာအားပေးမှုကလည်း ကောင်းမွန်ပြီး ရာသီဥတုကလည်း အိုကေပါတယ်၊ အပြင်က အပူရှိန်ကြောင့် ကျနော်တို့ အခုလိုမျိုးကစားရတာကလည်း အဆင်ပြေတယ်၊ ကွင်းမြက်ခင်းက သိပ်အကောင်းကြီးတော့မဟုတ်ပေမယ့် ကောင်းကောင်းကစားလို့တော့ ရပါတယ်"

"ဘောလုံးလည်း ကောင်းကောင်းရွေ့လျားနိုင်ပြီး ဘောလုံးက ခုန်ပေါက်သွားတာမျိုးမရှိပါဘူး၊ တကယ်လို့ ကျနော်တို့ကောင်းကောင်းမကစားနိုင်ရင် ဒါက မြက်ခင်းကြောင့်လို့ ကျနော်ပြောမှာမဟုတ်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဇာဗီကတော့ ဒီအပေါ်မှာ တစုံတရာတုံ့ပြန်ထားတာမျိုး မရှိပါဘူး။ 

Share

Loading Next Article...
က္က