ပေါ့ဘာရဲ့ စာချုပ်သစ်ကိစ္စအတွက် သတင်းကောင်းသဲ့သဲ့ကြားလာရတာဖြစ်ပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ချက်ချပြီးပြီလို့ သိရှိရပါတယ်။ ပေါ့ဘာနဲ့ ယူနိုက်တက်တို့အကြား စာချုပ်သက်တမ်းက နောက်ဆုံးနှစ်အတွင်းမှာဖြစ်ပြီး ယူနိုက်တက်ဘက်က ခရစ္စမတ်ကာလနောက်ဆုံးထားပြီး ပေါ့ဘာကိုစာချုပ်သစ်ချုပ်ဖို့ ရည်ရွယ်ထားတာပါ။



လက်ရှိအချိန်မှာတော့ ပေါ့ဘာဟာ ယူနိုက်တက်မှာဆက်နေဖို့ ဆန္ဒရှိနေပြီး သူနဲ့နီးစပ်တဲ့သူငယ်ချင်းတွေကိုလည်း ယူနိုက်တက်မှာသာ ဆက်နေဖို့ ဆန္ဒရှိတယ်လို့ ပြောကြားထားပါတယ်။ အဆိုပါ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူဟာ ယူနိုက်တက် အကယ်ဒမီထွက်တစ်ယောက်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ (၂၀၁၆) ကမှ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာတာပါ။

ပေါ့ဘာဟာ တစ်ကျော့ပြန် ယူနိုက်တက် ကစားသမားဘဝမှာ အေးဂျင့်ရွိုင်အိုလာကြောင့် ပရိသတ်တွေ၊ အသင်းဂန္တဝင်ကစားသမားဟောင်းတွေရဲ့ ဝေဖန်မုန်းတီးမှုကို မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီတည်းက ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမားနဲ့ အေးဂျင့်တို့က ယူနိုက်တက်ရဲ့ အခြေအနေတွေကို အကဲခတ်နေဟန်ရှိပြီး လက်ရှိအချိန်မှာတော့ အခုလိုပဲ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ အေးဂျင့်ရွိုင်အိုလာက “ပေါ့ဘာရဲ့ စာချုပ်က လာမယ့်နှစ်ဆို သက်တမ်းကုန်ပါပြီ”

“ကျွန်တော်တို့ ယူနိုက်တက်နဲ့ စကားပြောဆိုနေပြီး ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြပါ။ သေချာတာတစ်ခုက တူရင်မြို့ (ဂျူဗင်တပ်စ်ရှိရာမြို့) က ပေါ့ဘာရဲ့ နှလုံးသားထဲမှာ အမြဲတမ်းရှိနေပြီး သူ အဲ့ဒီကအရာတွေကို အမြဲတမ်း ဂရုစိုက်နေတုန်းပါ။ ဂျူဗင်တပ်စ်ကို ပြန်ဖို့ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခြေအနေတွေက ဂျူဗင်တပ်စ်အပေါ်လည်း မူတည်ပါသေးတယ်” လို့ ပြီးခဲ့တဲ့ စက်တင်ဘာမှာ ပြောကြားခဲ့ဖူးပါတယ်။

ရွိုင်အိုလာရဲ့ပြောစကားက ယူနိုက်တက်ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပေမယ့် ပေါ့ဘာဘက်က ဆုံးဖြတ်ချက်ချပြီးပြီလို့ အခုလိုပဲသတင်းရင်းမြစ်အချို့ကဆိုလာတာပါ။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့တော့ အေးဂျင့် ရွိုင်အိုလာဆီက တစ်စုံတစ်ရာ ပြောဆိုမှတ်ချက်ပြုခြင်းမရှိသေးပါဘူး။

ပေါ့ဘာဟာ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့ရင် တစ်ပတ်လုပ်ခ ပေါင် (၄) သိန်းရရှိမှာဖြစ်ပြီး ဒါဟာ ပေါ့ဘာအတွက် ကျေနပ်စရာပမာဏတစ်ရပ်လို့လည်းဆိုနိုင်ပါလိမ့်မယ်။

Share

က္က