လက်ရှိ ဗီလာရီးရဲလ်မှာ ကစားနေတဲ့ လီဗာပူးဂိုးသမားဟောင်း ပီပီရေနာက လူမျိုးရေးခွဲခြားမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဗီနီရှပ်စ်အနေနဲ့ အခုထက် ပိုမိုရင့်ကျက်သင့်ပြီး ပြိုင်ဘက်ပရိသတ်တွေနဲ့ ကစားသမားတွေကို ဆွပြီး မကစားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဗီနီရှပ်စ်ဟာ ဗလင်စီယာနဲ့ပွဲမှာ လူမျိုးရေးခွဲခြားခံခဲ့ရပြီး ဒါဟာ သူ့အတွက် အကြိမ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အဆိုပါ ဘရာဇီးသားက ပွဲကို ရပ်တန့်ပေးဖို့ ဒိုင်လူကြီးကို တောင်းဆိုခဲ့ပေမယ့် ပွဲကို ဆက်ကစားဖြစ်ခဲ့ပြီး နောက်ဆုံးမိနစ်မှာတော့ ပြိုင်ဘက်နဲ့ အချင်းများခဲ့တဲ့ ဗီနီရှပ်စ်ကို ကွင်းလယ်ဒိုင်က အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။
ဒီပြဿနာဖြစ်ပြီးနောက်ပိုင်း ရီးရဲလ်မက်ဒရစ်အပါအဝင် နာမည်ကျော်အများအပြားက ဗီနီရှပ်စ်ကို ကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း လာလီဂါဥက္ကဌ တီဘက်စ်က ဗီနီရှပ်စ်ကို ပြန်လည်ဝေဖန်ခဲ့ပြီး သူ့ဘက်ကနေ ကာကွယ်ပေးခဲ့ခြင်းမရှိပါဘူး။ ရီးရဲလ်မက်ဒရစ်ကတော့ သူတို့ရဲ့ ကစားသမားကို အပြည့်အဝ ကာကွယ်ပေးဖို့ ကြိုးစားခဲ့ပြီး တရားရုံးအဆင့်ဆင့်တက်ပြီး တရားစွဲဖို့ စီစဥ်ထားပါတယ်။
ဒါပေမယ့်လည်း နေရာတိုင်းမှာ စုန်းပြူးတွေက ရှိနေဆဲဖြစ်ပြီး ရေနာကလည်း ဗီနီရှပ်စ်ရဲ့ အပြုအမူကို ထောက်ပြလာခဲ့ပါတယ်။ ရေနာက “အရင်ဆုံးပြောချင်တာကတော့ ဘယ်လိုမျိုး လူမျိုးရေးခွဲခြားမှု အပြုအမူကိုမဆို သေချာပေါက် ရပ်တန့်ရပါမယ်။ ဒါပေမယ့် စပိန်နိုင်ငံမှာရှိတဲ့ ကွင်းတိုင်း ဒါမှမဟုတ် ကွင်းတစ်ကွင်းလုံးမှာရှိတဲ့ ပရိသတ်တွေက လူမျိုးရေးခွဲခြားတယ်ဆိုတာကိုတော့ ကျွန်တော် မယုံနိုင်ပါဘူး”
“လေးယောက်၊ ရှစ်ယောက် ဒါမှမဟုတ်လည်း တစ်ထောင်လောက်က ဗီနီရှပ်စ်ကို မျောက်လို့ခေါ်ခဲ့တယ်ဆိုရင် သေချာပေါက် ရှုံ့ချရမှာပါ။ ဒါမျိုးဖြစ်ခဲ့တာ ဝမ်းနည်းစရာပါ။ တစ်ဖက်မှာလည်း ပရိသတ်နဲ့ ပြိုင်ဘက်တွေကို ဆွတာ၊ ဒိုင်ကို စောဒကတက်တာတွေကို လျှော့လိုက်ရင် လူတိုင်းဆီကနေ ပိုမိုလေးစားခံရပါလိမ့်မယ်။ ဗီနီရှပ်စ်အနေနဲ့ သူ့ရဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ အခုထက် ပိုမို ရင့်ကျက်သင့်ပါပြီ”
“ပြိုင်ဘက်တွေကို ပိုပြီး လေးစားမှုထားသင့်ပြီး ဒါဆိုရင်တော့ အဝေးကွင်းပွဲတိုင်းက သူ့အတွက် တိုက်ပွဲတွေလိုမျိုး မဟုတ်နိုင်တော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဗီနီရှပ်စ်ဟာ အနီကတ်ပြစ်ဒဏ်ကနေ ပယ်ဖျက်ခံခဲ့ရပေမယ့် ဗယ်လက်ကာနိုနဲ့ပွဲမှာတော့ ဒူးဒဏ်ရာ အသေးစားကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။