ခရိုအေးရှားအသင်းခေါင်းဆောင် လူကာ မိုဒရစ်ဟာ ဘရာဇီးလ်ကို အနိုင်ရရှိခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ကက်စမဲရိုးရဲ့ ပင်နယ်တီအတွက် မှန်ကန်တဲ့ဦးတည်ချက်ကို လီဗာကိုဗစ် ခန့်မှန်းနိုင်အောင် ကူညီပေးနိုင်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ရိုဒရီဂိုရဲ့ ပင်နယ်တီလွဲချော်မှုနဲ့ မသက်ဆိုင်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
ခရိုအေးရှားအသင်းဟာ ဘရာဇီးလ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်ကို ၂ ကြိမ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး နေမာက ဘရာဇီးလ်အတွက် အချိန်ပိုပထမပိုင်း ပြီးဆုံးခါနီးမှာ အရေးကြီးတဲ့ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ဘရာဇီးလ်က အနိုင်ရရှိတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရူနို ပက်ကိုဗစ်က အချိန်ပို ဒုတိယပိုင်း ပြီးဆုံးဖို့ ၃ မိနစ်အလိုမှာ ဘရာဇီးလ်အသင်းရဲ့ ဦးဆောင်ဂိုးကို ပြန်လည်ချေပနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်အထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အတွက် ပထမဆုံး ပင်နယ်တီကန်သွင်းမှုကို ရိုဒရီဂိုက လွဲချော်ခဲ့တာကြောင့် ခရိုအေးရှားအသင်းအတွက် အားတက်စရာ ဖြစ်ခဲ့တာဖြစ်ပြီး မာကင်ညို့စ်ရဲ့ ကန်ချက်က ဂိုးတိုင် ထိခဲ့ချိန်မှာ ခရိုအေးရှားက ၄ ကြိမ်စလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့အတွက် ခရိုအေးရှားအသင်းက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ မိုဒရစ်က လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ကက်စမဲရိုး ဘယ်ဘက်ကို ကန်သွင်းမလဲဆိုတာကို လီဗာကိုဗစ်ကို ပြောပြခဲ့အကြောင်း Madrid Xtra ကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ခရိုအေးရှားဂိုးသမားက ဘက်မှန်ခဲ့ပေမယ့်လည်း မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
"ကျွန်တော် ရိုဒရီဂိုရဲ့ ပင်နယ်တီနဲ့ပတ်သက်ပြီး လီဗာကိုဗစ်ကို အကူအညီပေးခဲ့လားဆိုရင် ဟင့်အင်းပါ။ ဒါပေမယ့် ကျွန်တော် ကက်စမဲရိုးနဲ့ပတ်သက်ပြီးတော့ ပြောခဲ့ပါတယ်။ သူ ပင်နယ်တီကို ဘယ်ဘက်ကန်မလဲဆိုတာ ကျွန်တော် သိတယ်။ လီဗာကိုဗစ်က မှန်ကန်တဲ့ဘက်ကို ဒိုင်ဗစ်ပစ်ခဲ့ပေမယ့် ကက်စမဲရိုးက အရမ်းကောင်းလွန်းခဲ့ပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။