မနေ့ညက ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ အက်စတွန်ဗီလာက ဘေလီရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် မန်စီးတီးတို့ ပရီးမီးယားလိဂ်မှာ (၄) ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။
မန်စီးတီးဟာ ချဲလ်ဆီး၊ လီဗာပူး၊ စပါးတို့နဲ့ (၃) ပွဲဆက်တိုက် သရေကျခဲ့ပြီး အခု ဗီလာနဲ့ပွဲမှာ ရှုံးပွဲပါ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ အခု ဗီလာနဲ့ပွဲမှာ အသင်းရဲ့ အဓိက,ကွင်းလယ်လူ ရိုဒရီ အဝါကတ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ဘဲ မန်စီးတီးတို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။
အက်စတွန်ဗီလာက ဒီပွဲမှာ မန်စီးတီးဂိုးပေါက်ကို (၂၃) ကြိမ် အထိ ကန်သွင်းခဲ့ပြီး မန်စီးတီးက အခွင့်အရေး (၂) ကြိမ်သာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ထောင့်ကန်ဘောလည်း တစ်ကြိမ်မှ မရရှိခဲ့ဘဲ နောက်ဆုံးမှာတော့ ရှုံးပွဲနဲ့ပါ ရင်ဆိုင်ခဲ့ရတာပါ။
မန်စီးတီးဟာ ဒီရာသီ ရိုဒရီမပါဝင်နိုင်တဲ့ပွဲတွေတိုင်းမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရိုဒရီဟာ ဒီရာသီမှာ မန်စီးတီးအတွက် (၄) ပွဲအထိ လွဲချော်ခဲ့ပြီးဖြစ်ပြီး ဒီ (၄) ပွဲစလုံးကို မန်စီးတီးတို့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါက မနေ့ညက အက်စတွန်ဗီလာနဲ့ပွဲလည်း အပါအဝင်ဖြစ်ပါတယ်။
မန်စီးတီးဟာ မနေ့ညက ရှုံးပွဲကြောင့် အဆင့် (၄) နေရာအထိ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအနေအထားအရ အမှတ်ပေးချန်ပီယံဆုကို ကာကွယ်ဖို့ အသာထားဦး၊ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ကာကွယ်နိုင်ဖို့အတွက်တောင်မှ ရုန်းကန်ရမယ့် အနေအထားမှာရှိပါတယ်။