ရိုဒရီရဲ့လက်ထိဘောအတွက် ပင်နယ်တီမပေးခဲ့တာကို ပြန်လည်တောင်းပန်ခဲ့တာပါ။

ပြီးခဲ့တဲ့ စနေညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ မန်စီးတီးတို့ပွဲက ဖြစ်ရပ်တခုအတွက် ဒိုင်လူကြီးအဖွဲ့ခေါင်းဆောင် မိုက်ရီလေးက အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်နဲ့ အသင်းဥက္ကဌ ဘီလ်ကန်ရိုက်တို့ကို တိုက်ရိုက်ဆက်သွယ်ပြီး တောင်းပန်ခဲ့တယ်လို့ သိရှိရပါတယ်။ အဲ့ဒီပွဲမှာ မန်စီးတီးက ဖိုဒန်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဖိုဒန် ဂိုးသွင်းပြီး မကြာခင်မှာပဲ အဲဗာတန်တို့ ချေပဂိုးရဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ရိုဒရီရဲ့ လက်ထိဘောကို ကွင်းလယ်ဒိုင်နဲ့ VAR တို့က ပင်နယ်တီအဖြစ် သတ်မှတ်ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် အဲဗာတန်အတွက် နစ်နာခဲ့ရပြီး ဝေဖန်သံတွေလည်း အတော်လေး ဆူညံခဲ့ပါတယ်။

လက်ထိတာက တော်တော်လေး သိသာခဲ့ပေမယ့် ဒါကို ကွင်းလယ်ဒိုင် ပေါလ်တီယာနေးကလည်း ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တာပါ။

အဲဗာတန်နည်းပြ လမ်းပတ်ကိုယ်တိုင်က ဒါပင်နယ်တီဆိုတာ (၃) နှစ်အရွယ် ကလေးတောင် သိတယ်လို့ ဝေဖန်ခဲ့ပြီး လမ်းပတ်ရဲ့ နည်းပြအဖွဲ့ဝင် အက်ရှ်လေကိုးလ်ကလည်း ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် အဝါကတ် ပြသခံခဲ့ရပါသေးတယ်။ အဲဗာတန်ကလည်း ဒီဖြစ်ရပ်အတွက် သက်ဆိုင်ရာကို တရားဝင်ကန့်ကွက်စာ တင်သွင်းခဲ့ပါတယ်။

အခုချိန်မှာတော့ မိုက်ရီလေးက အဲဗာတန်နည်းပြ လမ်းပတ်၊ အဲဗာတန်ဥက္ကဌ ကန်ရိုက်တို့ကို ဆက်သွယ်ကာ ဖြစ်ကြောင်းကုန်စင်ကို ရှင်းလင်းတောင်းပန်ခဲ့ကြောင်း၊ အဲဗာတန်ဘက်က ဒါကို လက်ခံခဲ့ပေမယ့် တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ အနေအထားကြောင့် စိတ်ကျေနပ်မှုတော့ မရှိကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

Share

က္က