ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီက ရွှေဂုံတိုင် SSC ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

စည်သူဘွဲ့ရ၊ ရုပ်ရှင်တစ်သက်တာဆုရှင် ဗိုလ်ကလေးတင့်အောင်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီက ရွှေဂုံတိုင် SSC ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးနှင်းမိုးက Duwun ကို ပြောပါတယ်။ 

“ ဘဘ ဗိုလ်ကလေး တင့်အောင်က သူ ဆေးရုံတက်နေရတာ တစ်ပတ်လောက်ရှိပါပြီ။ အသက်လည်း (၁၀၀) ပြည့်ဖို့ ဘယ်လောက်မှ လိုတော့တာ မဟုတ်တော့ ဒါ လူကြီးရောဂါ နဲ့ ကွယ်လွန်တယ်လို့ပဲ ပြောရမှာပေါ့။ သူ့မှာ တခြား ရောဂါ အထွေအထူးမရှိပါဘူး။ အသက်ကြီးလာတော့ အစားအသောက်လည်း မမှန်ချင်ဖြစ်နေလိမ့်မယ် အားနည်းပြီး သတိမေ့သွားရင်းက ဆေးရုံတင်လိုက်ရတယ်လို့ သိရတယ်။ ဘဘ တို့လဲ သတင်းသွားမေးချင်ပေမယ့် သတင်းမေးခွင့်မရတော့ မိသားစုဆီကပဲ တဆင့် တဆင့် သိနေရတာပါ” လို့ သူက ဆိုပါတယ်။ 

ဓာတ်ပုံ - ဦးအေးကြူလေး

ဗိုလ်ကလေးတင့်အောင်ဟာ ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး နိုင်ငံတော်က စည်သူဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ အနုပညာလောကမှာ ရုပ်ရှင် ၊ ဂီတ ၊ သဘင်၊ ပန်းချီ ၊ စာပေ စတဲ့ လောကတွေမှာ ကျင်လည်ခဲ့သလို အောင်မြင်မှုတွေလည်း အများကြီး ရရှိထားသူဖြစ်ပါတယ်။ ၁၉၄၀ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တဲ့ အနုပညာအလုပ်တွေကို သူ့အသက် ၉၆ နှစ်အထိ လုပ်ဆောင်နေခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ အမျိုးသား စာပေဆု ၊ လူမှုထူးချွန်(ပထမအဆင့်) တံဆိပ်၊ ဝိဇ္ဇာထူးချွန်(ပထမအဆင့်) တံဆိပ်တို့ ချီးမြှင့်ခံခဲ့ရသူပါ။ သူဟာ ရုပ်ရှင်အစည်းအရုံး ရဲ့ နာယက ၊ ဂီတအစည်းအရုံးရဲ့ နာယက စတဲ့ တာဝန်တွေထမ်းဆောင်ခဲ့ပြီး အနုပညာအလုပ်တွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက် ဘိုကလေးမြို့နယ်အသင်း၊ ကျိုက်လတ် မြို့နယ် အသင်းနှင့် ကျုံမငေးမြို့နယ် အသင်းတို့ရဲ့ နာယက အဖြစ် လူမှုရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

၁၉၂၂ ခုနှစ် ဇွန်လ ၃ ရက်မှာ မွေးဖွားတဲ့ ဘိုကလေးတင့်အောင်ဟာ ၂၀၂၂ ခုနှစ် ဇွန်လမှာ အသက် ၁၀၀ ပြည့်မှာဖြစ်လို့ ကွယ်လွန်ချိန်မှာ အသက် ၉၉ နှစ်နဲ့ ၆ လ ရှိပါပြီ။

Share

Loading Next Article...
က္က