ရုပ်ရှင်ရုံတွေကို မကြာခင်မှာပြန်လည်ဖွင့်လှစ်ခွင့် ပြုတော့မယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပေမဲ့လည်း လက်ရှိဖြစ်နေတဲ့ နိင်ငံရေးမတည်ငြိမ်မှု၊ ကိုဗစ်ရောဂါဖြစ်ပွားနေမှုတွေကြောင့် ပြည်သူတွေက အရေးကြီးကိစ္စ၊အလုပ်ကိုင်ကိစ္စမှလွဲပြိး နေအိမ်ပြင်ပကိုသွားလာခြင်းမရှိတာကြောင့် ရုပ်ရှင်ရုံတွေပြန်ဖွင့်ပါကလည်း လုပ်ငန်းလည်ပတ်ဖို့အဆင်မပြေနိုင်ဘူးလို့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
" ဖွင့်ခွင့်ရလို့ ဖွင့်ရင်တောင် ကြည့်မယ်သူရှိမယ်မထင်ပါဘူး။ခုကာလ လူတိုင်းအလုပ်လုပ်နေရတာမဟုတ်ဘူး။နောက်ပြီး အပြင်ကိုအပျော်အပါးကိစ္စလည်း ထွက်တဲ့သူကအရမ်းနည်းပါတယ်။ လုံခြုံရေးကိုရော ဘယ်လိုလုပ်ပေးမလဲဆိုတာရှိသေးတယ်။ မရေရာမသေချာရင် ကျွန်တော်တို့ဘက်ကလည်း ဝန်ထမ်းတွေခန့်ပြီး လုပ်ဖို့က မလွယ်ပါဘူး " လို့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ရုပ်ရှင်ရုံတွေကို ကိုဗစ်စည်းကမ်းနဲ့ အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုတဲ့အခါ ငှားရမ်းထားတဲ့ ရုပ်ရှင်ရုံတွေကို ဦးစားပေးဖွင့်လှစ်သွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားပါတယ်။
ဓာတ်ပုံ - နေပြည်တော်ရုပ်ရှင်ရုံ
ရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့စီစဉ်နေတဲ့အပေါ် ပြည်သူတစ်ဦးက " အခုချိန် ရုပ်ရှင်ရုံဖွင့်လည်း ဘယ်သူမှစိတ်မဝင်စားဘူး။ဘယ်သူမှလည်းမကြည့်ဘူး ။ ခုချိန်မှာအပျော်အပါးထက် စားဝတ်နေရေးကိုတောင်မနည်းရုန်းကန်နေရတာ။ဘယ်အချိန်ဘာဖြစ်မလဲမသိတဲ့ကာလမှာ ရုပ်ရှင်ရုံဖွင့်လည်း စိတ်မဝင်စားပါဘူး " လို့ ပြောပါတယ် ။
လက်ရှိမှာတော့ အနုပညာရှင်တချို့သည် အနုပညာကြေးရယူပြီး အွန်လိုင်းကနေ live လွှင့်ကာ ဈေးရောင်းချတာမျိုး လုပ်ဆောင်ခြင်း၊ ကိုယ်တိုင်း အစားအသောက်ရောင်းချခြင်း၊ ရှိနေပြီး တချို့အနုပညာရှင်တွေကတော့ ရိုက်ကူးရေးတွေလုပ်ဆောင်နေကြတာရှိတယ်လို့သိရပါတယ်။
" လောလောဆယ် ရိုက်ကူးရေး အားလုံးနားထားတာကြာပြီ။ ခုပြန်ဖွင့်လည်း ကျွန်တော်တို့ကတော့စဖြစ်ဦးမှာမဟုတ်ဘူး။ အဆင်လည်းမပြေနိုင်သေးပါဘူး။ ပြန်စတယ်ဆိုတာပါးစပ်ကပြောတော့သာလွယ်တာပါ။ရပ်ထားရတာကြာတော့ လုပ်ငန်းလည်ပတ်ဖို့က ထင်သလောက်မလွယ်ဘူး " လို့ ရုပ်ရှင်လောကသားတစ်ဦးကပြောပါတယ်။
ရုပ်ရှင်ရုံတွေကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် မတ်လ ကတည်းက စတင်ပိတ်ထားခဲ့တာဖြစ်ပြီး ယခုဆိုရင် တစ်နှစ်ကျော်သွားပြီ ဖြစ်ပါတယ်။
Share