ဖောက်ပြန်ခံရတဲ့အကြောင်းကို တော့တီက ဖွင့်ဟခဲ့တာပါ။

ရိုးမားဂန္တဝင်ကစားသမားဟောင်း တော့တီက သူတို့ရဲ့အိမ်ထောင်ရေး ပြိုကွဲသွားခဲ့တာဟာ သူ့ဘက်က စတင်ဖောက်ပြန်လို့ မဟုတ်ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီအစောပိုင်းမှာ တော့တီရဲ့အိမ်ထောင်ရေးက ပြိုကွဲသွားခဲ့ပြီး ဒါဟာ တော့တီရဲ့ဇနီးသည် ဘလာဆီက တော့တီရဲ့သူငယ်ချင်း နိုမီဘိုချီနဲ့ ဖောက်ပြန်ခဲ့တာကြောင့်ဖြစ်ပါတယ်။



ဒီအကြောင်းတွေနဲ့ပတ်သက်လို့ တော့တီက “ကျနော်က အရင်ဆုံးဖောက်ပြန်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ ဒီအကြောင်းကို ကျနော်မပြောဘူးလို့ နေခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ မဟုတ်မှန်တဲ့ သတင်းတွေကို ကျနော် အများကြီးဖတ်ခဲ့ရပါတယ်။ ဒီအထဲက အချို့သတင်းတွေက ကျနော့်ကလေးတွေကို ထိခိုက်စေပါတယ်”

“ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ကောလာဟလတွေက ကျနော့်ဆီ ရောက်နေပါပြီ။ မင်း မိန်းမ အခြားတယောက်နဲ့ ရှိနေတယ်ဆိုတာမျိုးပေါ့။ ကျနော် နှစ်ပေါင်း (၂၀) အတွင်း ဒါမျိုး တခါမှမလုပ်ခဲ့ဖူးသလို ဇနီးကလည်း အတူတူပါပဲ။ ဒါပေမယ့် မတူညီတဲ့လူတွေဆီက၊ အထူးသဖြင့် ကျနော် ယုံရတဲ့လူတွေကပါ ကျနော့်ကိုပြောလာတော့ သံသယစဝင်လာပါတယ်”

“ကျနော် သူ့ဖုန်းကို ယူကြည့်လိုက်ချိန်မှာတော့ တတိယလူက ရှိနေပါပြီ။ သူနဲ့ ဖောက်ပြန်နေတဲ့လူကြားထဲက တတိယလူပေါ့။ ပြီးတော့ စာပို့ထားတာတွေရှိတယ်။ ဟိုတယ်မှာ တွေ့ကြမယ်ဆိုတာတွေပေါ့။ ဟိုးအရင် အတိတ်ကလည်း ကျနော်နဲ့သူ့အကြား ကောလာဟလတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကလည်း မဟုတ်မှန်တဲ့ သတင်းတွေပါ။ အခုတော့ သက်သေနဲ့ အချက်အလက်နဲ့ ဖြစ်လာပါတယ်”

“ကျနော် အိပ်လို့တောင်မရခဲ့ဘဲ စိတ်ကျရောဂါ ခံစားခဲ့ရပါတယ်။ ဘာမှမဖြစ်သလိုပဲ ကျနော် နေခဲ့ပေမယ့် အခုတော့ မရတော့ပါဘူး။ ကျနော် နိုမီနဲ့ သူငယ်ချင်းတွေဖြစ်ပြီး အတူတူလည်ပတ်ခဲ့ဖူးပါတယ်။ နှစ်သစ်ကူးပြီးတဲ့နောက်မှာတော့ ဒါတွေက ပုံပြင်တပုဒ်ဖြစ်လာခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ တော့တီဟာ ကစားသမားဘဝမှာ ထိပ်တန်းအသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုတွေရရှိခဲ့ပေမယ့် ရိုးမားမှာသာ သစ္စာရှိရှိ ကစားခဲ့တာပါ။ ဒါပေမယ့်လည်း သူ့ရဲ့အိမ်ထောင်ရေးကတော့ ကံမကောင်းခဲ့ဘဲ အခုလိုပဲ ဖောက်ပြန်ခံရပြီး ဇာတ်သိမ်းခဲ့ရတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က