မော်ရင်ဟိုကတော့ ရိုးမားကို ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဆီ ပို့ဆောင်ပေးခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို ရိုးမားအတွက် ရယူပေးခဲ့ပြီး ဒီရာသီမှာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကို ထပ်မံတက်ရောက်နိုင်ခဲ့တာပါ။ ဒါဟာ မော်ရင်ဟိုအတွက်တော့ ဂုဏ်ယူစရာအနေအထားတခုမှာရှိနေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ရိုးမားဟာ လူအင်အားပိုင်းအရ ချို့တဲ့တယ်လို့ မော်ရင်ဟိုက လူသိရှင်ကြားပြောဆိုခဲ့ပြီး သူ့အသင်းအတွက် ဘိုင်ယန်အရံခုံက တိုက်စစ်မှူးတယောက်လောက်ကို လိုချင်မိတယ်လို့ ဖွင့်ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလိုအနေအထားကနေပဲ သူက ရိုးမားကို ကွာတားဖိုင်နယ်အဆင့်အထိရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်ဆိုဆီဒက်ကို အိမ်ကွင်းမှာ ၂-၀နဲ့ အနိုင်ရပြီး အဝေးကွင်းမှာ ဂိုးမရှိသရေကစားနိုင်ခဲ့တဲ့နောက် ရိုးမားက နောက်ဆုံး ၈ သင်းစာရင်းထဲ ဝင်သွားခဲ့တာပါ။ ပွဲအပြီးမှာတော့ မော်ရင်ဟိုက အသင်းအတွက် ဒဏ်ရာရလျက်နဲ့ ကစားပေးသွားတဲ့သူတွေကို ချီးကျူးခဲ့ပြီး စွန့်လွှတ်အနစ်နာခံခဲ့တဲ့အကြောင်းကိုလည်း ဖွင့်ဟခဲ့ပါသေးတယ်။
"ကျနော်တို့ ပင်ပန်းစွာနဲ့ ရောမကို ပြန်ရမှာပါ၊ ဒါပေမယ့် ဒီအောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်၊ ဘယ်လော့တီဆိုရင် သူ့လက်မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကမှ ခွဲစိတ်မှုလုပ်ထားရတာပါ၊ ပယ်လီဂရီနီကလည်း ခေါင်းမှာ အချက် ၃၀ လောက် ချုပ်ထား၇တယ်၊ သူတို့က စွန့်လွှတ်အနစ်နာခံခဲ့ပါတယ်၊ ကျနော့်အသင်းက ကမ္ဘာ့အကောင်းဆုံးမဟုတ်ပါဘူး၊ ဒါပေမယ့် ကျစ်လစ်တဲ့ အစုအဖွဲ့တခုပါ" လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။
ရိုးမားကတော့ စီးရီးအေမှာလည်း အဆင့် ၄ နေရာကို ရောက်ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ပိုင်ဆိုင်ထားပါတယ်။ အားထားရတဲ့ ဇန်နီအိုလို,လို ကစားသမားအသင်းကထွက်ခွာသွားခဲ့ပြီး မော်ရင်ဟိုအတွက် အခက်အခဲတွေရှိနေခဲ့တာပါ။ ဒါပေမယ့်လည်း သူကတော့ အသင်းကို အကောင်းဆုံးဦးဆောင်ပေးကာ ယူရိုပါလိဂ်ဖလားကိုပါ မျှော်လင့်နေနိုင်ပြီဖြစ်ပါတယ်။