ဝက်စ်ဟမ်းကို ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကနေ ဖြုတ်ချခဲ့ပြီးနောက် အလွန်ဆိုရဲ့ လေဗာကူဆင်က ရိုးမားနဲ့ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ရတော့မှာပါ။ ဒါပေမယ့် လက်ရှိထွက်ပေါ်လာတဲ့ ရုပ်သံမြင်ကွင်းတွေအရ အလွန်ဆိုတို့အဖွဲ့က ရိုးမားနဲ့ ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။
ဝက်စ်ဟမ်းနဲ့ ဒုတိယအကျော့ပွဲအပြီး ကွင်းအတွင်းမှာ အလွန်ဆိုနဲ့ နည်းပြအဖွဲ့ဝင်တွေက သူတို့ရဲ့ ဖုန်းကတစ်ဆင့် ဘယ်အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့မယ်ဆိုတာကို ကြည့်ရှုခဲ့ကြပါတယ်။ ရိုးမားဟာ အေစီမီလန်ကို ကွာတားဖိုင်နယ်မှာ နှစ်ကျော့စလုံး အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို ရောက်ရှိလာခဲ့တာပါ။
ဒီလိုမျိုး ရိုးမားနဲ့ ထိပ်တိုက်တွေ့မှာကို သိရှိခဲ့တဲ့နောက် အလွန်ဆိုနဲ့ သူ့နည်းပြအဖွဲ့ဝင်တွေက စိတ်အေးလက်အေး ဖြစ်သွားတဲ့ပုံစံ ပေါက်ခဲ့ပြီး ဒါက ရိုးမားကို လျှော့တွက်ရာကျတယ်လို့ ပရိသတ်တွေက ဆိုနေပါတယ်။ ပရိသတ်တွေက “အလွန်ဆိုတို့သာ ရိုးမားကို လျှော့တွက်ခဲ့မယ်ဆိုရင် သူတို့အတွက် ဒုက္ခရောက်သွားနိုင်ပါတယ်”
“လေဗာကူဆင်အနေနဲ့ အခု ထိပ်တိုက်တွေ့ရမယ့် ရိုးမားကို မော်ရင်ဟိုရဲ့ရိုးမားအဖြစ် စိုးရိမ်နေရမှာပါ” လို့ အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြပါတယ်။ လေဗာကူဆင်ဟာ ဒီရာသီမှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို စောစောစီးစီး ဆွတ်ခူးထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
အခု ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ်၊ ဂျာမန်ပိုကယ်ဖလားမှာလည်း ဗိုလ်လုပွဲတို့ကို ရောက်ရှိနေခဲ့ပြီး ဖလားသုံးလုံး လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာပါ။ ဒါ့အပြင် သူတို့က ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိသေးဘဲ အကောင်းဆုံးပုံစံနဲ့ လက်ရှိဘောလုံးရာသီကို ဖြတ်သန်းနေကြတာလည်း ဖြစ်ပါတယ်။