ချစ်သူနှစ်ဦးအတွက် ပထမဆုံးချိန်းတွေ့မှုဆိုတာ အရေးကြီးပါတယ်။ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုတည်ဆောက်ဖို့၊ ရွေးချယ်မှုမှန်ကန်ကြောင်းသက်သေပြဖို့၊ တစ်ယောက်အကြောင်းတစ်ယောက် လေ့လာနိုင်ဖို့အတွက် ပထမဆုံးချိန်းတွေ့မှုမှာ ရိုမန်တစ်ဆန်နေဖို့အရေးကြီးပါတယ်။ ကိုယ်က ကိုယ့်ချစ်သူအတွက်ဘယ်လိုလူစားမျိုးလဲ၊ တစ်ဘဝလုံးပျော်ရွှင်အောင်ထားနိုင်မယ့်လူစားမျိုးလားဆိုတာကို ပထမဆုံးချိန်းတွေ့မှုမှာ သက်သေပြနိုင်မယ်ဆိုရင် အချစ်သက်တမ်းရှည်ကြာအောင်ထိန်းထားနိုင်ပြီး ရာသက်ပန်တွဲလက်မြဲစေမှာပါ။ ဒီတော့ ပထမဆုံးချိန်းတွေ့မှုအတွက် ရိုမန်တစ်ဆန်မယ့်နေရာလေးတွေကို အကြံဉာဏ်ပေးကြည့်မယ်နော်..
စားသောက်ဆိုင်အသစ်
Photo: all around food
ချစ်သူမဖြစ်ခင် ချစ်ခွင့်ပန်ထားတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းဘဝမှာပဲဖြစ်ဖြစ် အမြဲဆုံနေကျ စားသောက်ဆိုင်မျိုးကို ချစ်သူဖြစ်ပြီး ပထမဆုံးချိန်းတွေ့မှုမှာ ခေါ်မသွားမိပါစေနဲ့။ ကိုယ့်ပါတနာအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာမကောင်းပဲ ပျင်းစရာကောင်းနေပါလိမ့်မယ်။ ကိုယ့်ဘော်ဒါတွေနဲ့ ထိုင်နေကျဆိုင်ကိုလည်းရှောင်ပါ။ ဆိုင်တစ်ဆိုင်လုံးက ကိုယ့်ကိုသိနေမှာဆိုတော့ ဝိုင်းစနောက်မှုတွေကြောင့် နှစ်ယောက်စလုံး အနေအထိုင် ကျဉ်းကျပ်စေမှာပါ။
ဒီတော့ ပထမဆုံးချိန်းတွေ့မှုကို နှစ်ယောက်စလုံးမထိုင်ဘူးတဲ့ စားသောက်ဆိုင်မျိုးကို ကြိုရှာပြီး မစားဖူးသေးတဲ့ menu အသစ်တွေကို မြည်းစမ်းရင်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ကြိုးစားပါ။ စားသောက်ဆိုင်အသစ်ကိုပဲရှာခိုင်းထားနော်.. စားသောက်ဆိုင်အသစ်တစ်ခါရှာတိုင်း ရည်းစားအသစ်တစ်ယောက်တော့ မဖြစ်စေနဲ့ပေါ့။
မွေးရပ်မြေကိုအလည်ခေါ်ပါ
Photo: Vertigo
ကိုယ့်မွေးရပ်မြေက လက်ရှိနေတဲ့နေရာနဲ့ အရမ်းအလှမ်းဝေးတဲ့နေရာမျိုးမဟုတ်ဘူးဆိုရင် ချစ်သူကို ကိုယ့်မွေးရပ်မြေကိုအလည်အပတ်ခေါ်သွားဖို့ အကြံပြုချင်ပါတယ်။ လူအများစုက ကိုယ်ဘယ်ကလာသလဲဆိုတာကို စိတ်ဝင်စားကြတယ်လေ။ ချစ်သူကို ကိုယ်ဘယ်ကလာသလဲ၊ ကိုယ့်မွေးရပ်မြေက ဘယ်လောက်သာယာနေချင့်စဖွယ်ဖြစ်သလဲဆိုတာကိုလည်း ကြွားလို့ရတာပေါ့။
နေ့လည်ပိုင်း(သို့) ညနေပိုင်းလောက်သွားပါ။ ကိုယ့်မွေးရပ်မြေရဲ့ထင်ရှားတဲ့နေရာအချို့ကို လိုက်ပို့ပေးပါ။ ညနေစောင်းရင် နေဝင်ချိန်ကို ချစ်သူနဲ့အတူ နှစ်ယောက်အတူထိုင်ငေးရတဲ့အရသာက ဘယ်လောက်အထိ ရိုမန်တစ်ဆန်လိုက်မလဲနော်..
ပရဟိတအတူလုပ်ပါ
Photo: Crello
ပထမဆုံးချိန်းတွေ့မှုမှာ နှစ်ယောက်တည်းတွတ်ထိုးချင်ပါတယ်ဆိုမှ လူအများကိုကူညီရမယ့် ပရဟိတလုပ်ရမယ်ဆိုရင် ဘယ်မိုက်မလဲလို့ မတွေးလိုက်ပါနဲ့နော်။ ပထမဆုံးချိန်းတွေ့မှုမှာ ပရဟိတအလုပ်တွေကို နှစ်ယောက်အတူလုပ်တာက ကိုယ့်ရဲ့ကြင်နာနွေးထွေးမှုကိုပြသရာရောက်ပါတယ်။ နောက်တစ်ချက်ကတော့ ရေရှည်သွားမယ့် ချစ်ခရီးလမ်းမှာ ဘယ်လောက်အထိ အပေးအယူမျှမလဲဆိုတာကိုလည်း လေ့ကျင့်နိုင်တာပေါ့။
တိရစ္ဆာန်ရုံသွားပါ
Photo: Love
အရမ်းရိုးရှင်းတဲ့ချိန်းတွေ့မှုလို့ စောဒကတက်ချင်တက်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က ချစ်ခရီးလမ်းကိုရေရှည်တွေးထားပြီး တစ်ဘဝလုံးစာရည်ရွယ်ထားတယ်ဆိုရင်တော့ တိရစ္ဆာန်ရုံမှာ တိရစ္ဆာလေးတွေရဲ့ချစ်စဖွယ်အပြုအမူလေးတွေကိုကြည့်ပြီး စောင့်ရှောက်မှုအတူလုပ်ပေးသင့်ပါတယ်။ ဒါက သင့်ရဲ့နှလုံးသားမြင့်မြတ်မှုနဲ့ အကြင်နာတရားကို တစ်ဖက်လူက အလွယ်တူတွေ့မြင်နိုင်စေတဲ့ အရာပါ။
စွန့်စားခန်းတွေအတူလုပ်ကြည့်ပါ
Photo: dreamtimes
ရိုမန်တစ်တော့ ဆန်ချင်မှဆန်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်အထိ နားလည်နိုင်မယ်၊ ကူညီစောင့်ရှောက်နိုင်မယ်ဆိုတာတွေကို စွန့်စားခန်းတစ်ခုအတူလုပ်ကြည့်ပြီး မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
တောင်တက်တာ၊ စကိတ်စီးတာ၊ စက်ဘီး/ဆိုင်ကယ်စတန့်လုပ်တာ အစရှိတာတွေက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး တစ်ယောက်ကိုတစ်ယောက် ယုံကြည်အားကိုးမှုတွေအပြန်အလှန်ရလာစေနိုင်ပါတယ်။ အကြမ်းပတမ်းတွေစိတ်မဝင်စားတဲ့သူဆိုရင်တော့ တစ်ယောက်မလုပ်ဖူးတာကို တစ်ယောက်ကသင်ပြပေးတာမျိုးလုပ်ပေးနိုင်ပါတယ်။ ဥပမာ-ဟင်းချက်သင်တာ၊ ဂစ်တာတီးသင်တာမျိုးပေါ့။
Ref: goodhousekeeping.com
Share