ရိုးမားနည်းပြမော်ရင်ဟိုဟာ အသင်းပရိသတ်တယောက်ရဲ့ လက်ထပ်ခွင့်တောင်းပွဲမှာ အင်တိုက်အားတိုက် ပါဝင်ပေးခဲ့တယ်လို့ သိရှိရပါတယ်။ သောကြာနေ့မှာ အဆိုပါပရိသတ်က သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းခံခဲ့တာဖြစ်ပြီး မော်ရင်ဟိုကလည်း ရိုးမားရဲ့ အခြားသောတာဝန်ရှိသူတွေနဲ့အတူ ပါဝင်အားဖြည့်ပေးခဲ့တာပါ။
ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာ အဆိုပါပရိသတ်က သူ့ချစ်သူ၊ မော်ရင်ဟိုနဲ့အတူ အမှတ်တရဓာတ်ပုံ အရင်ဆုံးရိုက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ချစ်သူရှေ့မှာ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။ ဒီဖြစ်ရပ်ကိုတော့ ရိုးမားတို့ လေ့ကျင့်ခန်းဆင်းတဲ့ ကွင်းအတွင်း ပြုလုပ်ခဲ့တယ်လို့ Republic World က ဖော်ပြခဲ့ပါတယ်။
ရိုးမားပရိသတ်ရဲ့ လက်ထပ်ခွင့်တောင်းခံမှုကို ချစ်သူမိန်းကလေးက မျက်ရည်တွေနဲ့ အံ့အားသင့်စွာ လက်ခံခဲ့ပြီးနောက် မော်ရင်ဟိုအပါအဝင် အခြားသူတွေအကုန်လုံးက လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။ မော်ရင်ဟိုကလည်း ကာယကံရှင်နှစ်ယောက်လုံးကို ဂုဏ်ပြုစကားပြောကြားပေးခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ မော်ရင်ဟိုတယောက် ပြုံးပြုံးကြီး ကူညီပါဝင်ပေးခဲ့တာကို ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်။ “မော်ရင်ဟိုက အခုဆိုရင် လက်ထပ်ခွင့်တောင်းခံတဲ့ပွဲလုပ်တဲ့နေရာမှာလည်း စပါယ်ရှယ်လစ်တယောက်ဖြစ်သွားပါပြီ။ သူ့ထက် ဆရာပိုကျတဲ့သူရှိဦးမလား” “မော်ရင်ဟိုက အမြဲတမ်း ထူးခြားကောင်းမွန်တဲ့လူတယောက်ပါ”
“ဒီလူက သူ့စံပြပုဂ္ဂိုလ် မော်ရင်ဟိုနဲ့ သူ့ချစ်သူကို တွေ့ဆုံခွင့်ပေးခဲ့ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ တကယ်ကို ဖြူစင်တဲ့အချစ်ပဲ” “ထူးခြားကောင်းမွန်တဲ့အခိုက်အတန့်အတွက် စပါယ်ရှယ်ဝမ်းတယောက်ရှိနေပါပြီ” လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။ ရိုးမားဟာ လက်ရှိအချိန်မှာ ရာသီကြိုခြေစမ်းခရီးစဥ်အဖြစ် ပေါ်တူဂီကို ရောက်ရှိနေပြီး ဒီကနေ့မှာပဲ နိုက်စ်နဲ့ ပေါ်တူဂီမြေမှာ နောက်ဆုံးခြေစမ်းပွဲအဖြစ် ယှဥ်ပြိုင်ကစားသွားမှာပါ။