ဒါဘီပရိသတ်တွေအတွက်တော့ ရွန်နီက အချစ်တော်တယောက်ဖြစ်လာနေပါပြီ။

ချန်ပီယံရှစ်ကလပ်ဒါဘီကို နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဝိန်းရွန်နီဟာ သူကစားခဲ့ရာအသင်းဟောင်းအဲဗာတန်ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဘင်နီတက်ဇ်ကို ထုတ်ပယ်ပြီး နည်းပြလက်မဲ့ဖြစ်နေတဲ့ အဲဗာတန်က သူတို့ကစားသမားဟောင်းကို ခန့်အပ်ဖို့ အတွက် ချဉ်းကပ်ခဲ့ရာမှာ ဆွေးနွေးတဲ့အဆင့်တောင်မရောက်ခဲ့ဘဲ ငြင်းပယ်ခံခဲ့ရတာပါ။ 

အမှတ်လျှော့ခံရပြီး ချန်ပီယံရှစ်မှာ တန်းမဆင်းရဖို့အတွက် ရုန်းကန်နေရတဲ့ဒါဘီကို ရွန်နီကိုင်တွယ်နေရာမှာ ရလဒ်ကောင်းတွေရရှိနေခဲ့ပါတယ်။ ရွန်နီရဲ့ စိတ်ဓာတ်ပိုင်းမာကျောမှုနဲ့ ကစားသမားတွေကိုလှုံ့ဆော်နိုင်မှုအပိုင်းက အထင်ကြီးစရာကောင်းနေခဲ့ပြီး ၂၁ မှတ်အထိအလျှော့ခံရတဲ့အနေအထားမှာ အသင်းကို အမှတ်ပေးဇယားအောက်ဆုံးကနေ အပေါ်ကို ပြန်တက်လာနိုင်အောင် လုပ်ပြခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ဘက်က ကမ်းလှမ်းခဲ့မှုနဲ့ပတ်သက်ပြီး ရွန်နီက "ကျနော့်အေးဂျင့်ကတဆင့် သူတို့ချဉ်းကပ်ခဲ့ပြီး နည်းပြရာထူးအတွက် အင်တာဗျူးချင်တယ်လို့ ပြောခဲ့ပါတယ်၊ ဒါပေမယ့် ကျနော် ဒါကို ငြင်းဆန်ပယ်ချခဲ့ပါတယ်၊ ပရီးမီးယားလိဂ်နည်းပြတဦးဖြစ်လာဖို့ ကျနော့်မှာယုံကြည်ချက်ပြီး အဲဒီအတွက်လည်း ၁၀၀% အပြည့် အသင့်ဖြစ်နေပြိးသားပါ၊ ဒါပေမယ့် ဒါဘီမှာ ကျနော့်အတွက် အလုပ်တခုရှိနေပြီး ဒါက ကျနော့်အတွက် အရေးပါပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Goal က ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟာ အဲဗာတန်နဲ့ ကစားသမားဘ၀ကို စတင်ခဲ့သူဖြစ်ပါတယ်။ အဲဗာတန်မှာ ထင်ပေါ်လာခဲ့ပြီးနောက် ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး အသင်းသမိုင်းတလျှောက် ဂိုးသွင်းအများဆုံကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဘီမှာ ကစားသမားဘ၀နောက်ဆုံးအဖြစ်ကစားနေရင်းကနေ နည်းပြအဖြစ်ပြောင်းလဲတာဝန်ယူနေတာဖြစ်ပြီး လက်ရှိမှာတော့ အားလုံးရဲ့ အထင်ကြီးမှုတွေကို ရရှိနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က