"ကျွန်တော်အခုလို ထွက်တာ အကြောင်းပြချက် အများကြီး ရှိပါတယ်။ အကြီးဆုံးနဲ့ တစ်ခုတည်းသော အကြောင်းပြချက်က Apple ရဲ့ ရုံးတက်ပြန်ရေးမူကြောင့်ပါ" တဲ့။

Apple ရဲ့ တစ်ပတ် ၃ ရက် ရုံးပြန်တက်ရမယ့် မူဝါဒထွက်လာပြီးနောက် စိတ်ပျက်သွားတဲ့ ထိပ်တန်း AI ပညာရှင်တစ်ဦးဟာ အလုပ်က နှုတ်ထွက်သွားခဲ့ပြီလို့ ဆိုပါတယ်။ 

Machine Learning ဒါရိုက်တာတစ်ဦးဖြစ်တဲ့ အီရန် ဂွတ်ဒ်ဖဲလိုးဟာ Apple ရဲ့ အလုပ်ပြန်ဆင်းရေး Policy ကြောင့် ကုမ္ပဏီက ထွက်သွားခဲ့တာလို့ The Verge သတင်းထောက် ဇိုးရှဟီဖာရဲ့ Tweet မှာ ဖော်ပြထားပါတယ်။ "ကျွန်တော့်အဖွဲ့အတွက် ပိုပြီး အတိုးအလျှော့ရှိဖို့က အကောင်းဆုံးမူဝါဒလို့ ခိုင်ခိုင်မာမာယုံကြည်ပါတယ်" လို့ ဂွတ်ဒ်ဖဲလိုးက ပြောကြောင်းလည်း Tweet က ဆိုပါတယ်။ 




ဂွတ်ဒ်ဖဲလိုးအလုပ်ထွက်ကြောင်းကို Apple ဝန်ထမ်းအများအပြားက Blind Site မှာ အတည်ပြုထားပါတယ်။ တစ်ယောက်ကဆို ဂွတ်ဒ်ဖဲလိုး ပြောတဲ့ "ကျွန်တော်အခုလို ထွက်တာ အကြောင်းပြချက် အများကြီး ရှိပါတယ်။ အကြီးဆုံးနဲ့ တစ်ခုတည်းသော အကြောင်းပြချက်က Apple ရဲ့ ရုံးတက်ပြန်ရေးမူကြောင့်ပါ" ဆိုတဲ့ စကားကိုပါ ကိုးကားထားပါတယ်။ 

ဂွတ်ဒ်ဖဲလိုးဟာ ဓါတ်ပုံ ၊ ဗွီဒီယို ၊ အနုပညာလက်ရာနဲ့ အသံဖိုင်တွေကို အစစ်လို့ ထင်ရအောင် အလိုအလျောက် ဖန်တီးနိုင်တဲ့ Generative Adversarial Networks (GAN) ဆော့ဖ်ဝဲအကြောင်း ရေးသားခဲ့တဲ့ စာတမ်းနဲ့ နာမည်ကျော်ခဲ့တဲ့ Machine Learning ပညာရှင်လည်း ဖြစ်ပါတယ်။ GAN ဟာ လူမျက်နှာပါတဲ့ ဓါတ်ပုံ ၊ ဗွီဒီယိုတွေကို Deepfake လုပ်တဲ့ ဆောဖ့်ဝဲလ်လည်း ဖြစ်ပါတယ်။ 

စတန်းဖို့ဒ်တက္ကသိုလ်ကနေ Computer Science နဲ့ မဟာဘွဲ့ ၊ ဒီမွန်ထရီယယ်တက္ကသိုလ်ကနေ Machine Learning ဘာသာရပ်နဲ့ Ph.D ဘွဲ့ရခဲ့တဲ့ သူဟာ ၂၀၁၃ နှစ်လယ်ပိုင်းမှာ Google ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက်သုံးနှစ်အကြာမှာ အီလွန်မတ်စ်ရဲ့ AI Lab တစ်ခုဖြစ်တဲ့ OpenAI ကို ရောက်ခဲ့ပြီး ၂၀၁၇ မှာ Alphabet Inc ၊ ၂၀၁၉ မတ်လမှာ Director of Machine Learning in the Special Projects Group ရာထူးနဲ့ Apple ကို ပြောင်းခဲ့တာ ဖြစ်ပါတယ်။ 



OpenAI မှာ တစ်နှစ် ဒေါ်လာ ၈ သိန်း လစာနဲ့ အလုပ်ဝင်ခဲ့တယ်လို့ အခွန်စာရွက်တွေကို ကိုးကားပြီး CNBC သတင်းက ဖော်ပြပါတယ်။ ဂွတ်ဒ်ဖဲလိုးဟာ Apple ရဲ့ Machine Learning ပိုင်းမှာ အတော်ဆုံးပညာရှင်လည်း ဖြစ်ပါတယ်။ ဧပြီ ၁၁ ရက်နေ့က စပြီး အနည်းဆုံး တစ်ပတ် ၁ ရက်၊ မေလ ၂ ရက်က စပြီး အနည်းဆုံး တစ်ပတ် ၂ ရက် နဲ့ မေလ ၂၃ ရက်နေ့ကစပြီး အနည်းဆုံး တစ်ပတ် ၃ ရက် အလုပ်ဝင်ရမယ့် Apple ရဲ့ မူဝါဒကို ဝန်ထမ်းတချို့က သဘောမကျကြဘူးလို့ ဆိုပါတယ်။ 

Reture To Office မူဝါဒအရ လာမယ့် မေလ ၂၃ ရက်နေ့ကစပြီး Apple ဟာ ဝန်ထမ်းတွေကို တနင်္လာ - အင်္ဂါ နဲ့ ကြာသာပတေး ၃ ရက် မဖြစ်မနေ ရုံးတက်ဖို့ ညွှန်ကြားထားပါတယ်။ ဝန်ထမ်းတွေကို တစ်နှစ် ၄ ပတ်အထိ ရုံးမတက်ဘဲ အလုပ်လုပ်ခွင့်လည်း ပေးထားပါတယ်။ တခြား Big Tech ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Meta ၊ Google နဲ့ Amazon တို့ကတော့ တချို့ဝန်ထမ်းတွေကို အိမ်ကနေ အကန့်အသတ်မရှိ အလုပ်လုပ်ခွင့် ပြုထားပါတယ်။ 

Share

Loading Next Article...
က္က