မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုတွေ ၁၃၅ မျိုးရှိတဲ့အတွက်ကြောင့် တိုင်းရင်းသား ရိုးရာအစားအစာတွေလွန်စွာမှပေါများလှပါတယ်။ ဒီကနေ့မှာတော့လူသိလည်းနည်းပြီး ထူးခြားမှုတွေရှိတဲ့ အင်းလေးဒေသကနေရာလေးတစ်ခုကို ပရိသတ်ကြီးကို ပြောပြပေးချင်ပါတယ်။
အထင်ကနေရာတစ်ခုဖြစ်တဲ့ မြန်မာပြည်ရဲ့ အင်းလေးကန်မှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအမျိုးမျိုးလုပ်ကိုင်ကြတဲ့ အင်းသူအင်းသားတွေအများအပြားကို တွေ့မြင်ရမှာဖြစ်ပြီး အင်းလေးမှာရှိတဲ့ ရွာတွေထဲကမှ ခေါင်တိုင်ရွာကတော့ ထူးခြားတဲ့ရွာလေးတစ်ခုပါ။
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်ရေပူစမ်းအကျော် ခေါင်တိုင်ရွာ ( ခေါင်တိုင်စျေးအကျော်)မှာ တစ်ရွာလုံးရိုးရာမုန့်အမျိုးအစားပေါင်း ( ၂၂ )မျိုးခန့်လုပ်ကိုင်ကြပြီး ဖြန့်ဖြူးရောင်းချနေကြတာ ဖြစ်ပါတယ်။
မြင်ဖူးတဲ့မုန့်တွေရော မမြင်ဖူးတဲ့မုန့်တွေရောစားဖူးတဲ့မုန့်တွေရော မစားဖူးတဲ့မုန့်တွေရော မုန့်အစုံ တွေ့ရမှာဖြစ်ပြီး ကောက်ညှင်း၊ ဆန်၊ ဂျုံ ၊ပဲ ၊ကြံသကာ စတဲ့ ကုန်ကြမ်းများ ကိုအသုံးပြုပြီးထုတ်လုပ်ထားတာပါ။
တို့ဖူးခြောက်၊မုန့်လက်စွပ်၊စာကလေးခွေကြော်၊မြေပဲဆားလှော်၊ နေကြာစေ၊ ဖရုံစေ့ ၊ ပဲပုတ်၊ ပဲလွန်းစေ့လှော်၊ပဲကြီးလှော်၊ ထန်းလျက်၊ ဆန်အရက်၊ ဘိန်းမုန့်လိုမုန့်တွေ၊ ခေါပြင်လိုမုန့်တွေ နဲ့အခြားမုန့်တွေတော်တော်များများကိုပါ တွေ့ရမှာဖြစ်ပါတယ်။
အိမ်တိုင်းလိုလိုရဲ့ အရှေ့မှာခင်းထားတဲ့ တို့ဖူးအပြားတွေရှိပြီး ရှမ်းရိုးရာမုန့်တွေ တော်တော်များများက တို့ဖူးကို အခြေခံပြီးလုပ်တာမို့လို့ အိမ်တွေရဲ့ အရှေ့မှာ တို့ဖူးတွေကို အခြောက်လှန်းထားကြတတ်ပါတယ်။ တို့ဖူး၊ မုန့်ပြာလူး၊ မုန့်လက်စွပ်၊ ဆန်အရက် နဲ့ တခြားမုန့်မျိုးစုံတို့ ကို တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ပြီးလေ့လာနိုင်သလို မြည်းကြည့်လို့လည်း ရပါတယ်။
ဒီရွာကထွက်ရှိတဲ့ မုန့်တွေကို ရှမ်းပြည်နယ်တစ်ဝှမ်းကို အဓိကထားရောင်းချလေ့ရှိပြီး ပြည်တွင်းပြည်ပခရီးသွားအများစုရဲ့ စိတ်ဝင်စားစရာနေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။
တကယ်လို့ ညောင်ရွှေ အင်းလေးဘက်ကို ရောက်ဖြစ်ရင် ဒီလို နွေးထွေးပြီးထူးခြားချက်တွေနဲ့ ပြည့်စုံနေတဲ့ မုန့်ရွာလေးကို အလည်အပတ်သွားကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေရှင်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။