အူအတက်ရောင်တဲ့ ရောဂါက အသက်ငယ်သူတွေမှာ ပိုမိုအဖြစ်များပါတယ်။

ဗိုက်အောင့်တဲ့ပြဿနာကို အသက်အရွယ်မရွေးခံစားရတတ်ကြပါတယ်။ ဒါပေမယ့် ဗိုက်အောင့်တာပဲ ဆိုပြီး ပေါ့ဆလို့မရပါဘူး။ မခံမရပ်နိုင်လောက်အောင် ဗိုက်အောင့်တဲ့ဝေဒနာကိုခံစားနေရပြီလား။ ဗိုက်ရဲ့ ဘယ်လိုနေရာကနေ အောင့်နေတာလဲ ဒါမျိုးတွေကို သိထားမှသာ သာမန်ဗိုက်အောင့်တာလား ၊ အူအတက်ရောင်နေတာလားဆိုတာ ခွဲခြားသိနိုင်မှာပါ။



Photo : Freepik

အူအတက်ရောင်တာ ဘယ်လိုမျိုးလဲ

သာမန်ဗိုက်အောင့်တာမျိုး မဟုတ်ဘဲနဲ့ ကိုယ့်မှာ အူအတက်ရောင်လို့ ဗိုက်အောင့်နေတယ်ဆိုတာကို ဒီလို လက္ခဏာတွေကတစ်ဆင့် သိနိုင်ပါတယ်။

အူအတက်ရောင်တဲ့ လက္ခဏာတွေကတော့  

(၁) ရုတ်တရက် ဗိုက်အောင့်၊ဗိုက်နာခြင်း

(၂) များသောအားဖြင့် ချက်ပတ်လည်မှာ အောင့်နေခြင်း

(၃) ပျို့အန်ခြင်း။

(၄) အဖျားငွေ့ငွေ့တက်လာခြင်း။

(၅) ဝမ်းချုပ်ခြင်း 

(၆) အချိန် (၆) နာရီအတွင်းမှာ ဝမ်းဗိုက်ရဲ့ အလယ်နေရာကနေပြီးတော့ အူအတက်ရှိတဲ့ ညာဘက်အောက်ပိုင်းမှာ အောင့်နေတယ်ဆိုရင်တော့ အူအတက်ရောင်နေတယ်ဆိုတာ သေချာသလောက်ရှိသွားပါပြီ။

အူအတက်ရောင်ခြင်း ဘာကြောင့်ဖြစ်ရလဲ

အဖြစ်များတဲ့သူတွေကတော့ ဝမ်းချုပ်တတ်တဲ့သူတွေ၊ အသီးအရွက်အစားနည်းတဲ့သူတွေ၊ အသားစားများတဲ့သူတွေအပြင် စမြင်းတုံးသေးသေးလေးတွေ အူအတက်လမ်းကြောင်းထဲကို ဝင်ပြီး ပိတ်သွားတဲ့အခါ အူအတက်ယောင်ခြင်းတွေ ဖြစ်တတ်ပါတယ်။

Photo : Freepik

ဘယ်လိုလူတွေမှာ အဖြစ်များလဲ။

အူအတက်ရောင်တဲ့ ရောဂါက အသက်ငယ်သူတွေမှာ ပိုမိုအဖြစ်များပြီး အသက် (၁၀) နှစ်ဝန်းကျင်ကနေ အသက် (၃၀) ဝန်းကျင် လူငယ်တွေမှာ ပိုပြီး အဖြစ်များတာတွေ့ရတယ်လို့ ကျန်းမာရေးသုတေသနတွေကဆိုပါတယ်။ အသီးအရွက်အစားနည်းတာ၊ ရေသောက်နည်းတာ ဝမ်းချုပ်တတ်တဲ့ လူငယ်၊ လူကြီးပိုင်းမဆို အူအတက်ရောင်ရောဂါကိုခံစားရနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အူလမ်းကြောင်းမှာသံကောင်ရှိနေရင်လည်း အူအတက်ရောင်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ အူအတက်မှာ အကြိတ်၊ အလုံးတွေကလည်းအူအတက်ရောင်တဲ့ လက္ခဏာပြတတ်ပါတယ်။ ဒါ့အပြင် တခြားရောဂါတွေကြောင့် ဆက်စပ်ပြီး အူအတက်ရောင်ခြင်းမျိုးဖြစ်နိုင်ပါတယ်။

အူအတက်ရောင်ပြီဆိုတာနဲ့ ခွဲစိတ်ဖို့လိုလား

အူအတက်ရောင်တဲ့ ရောဂါတိုင်း ခွဲစရာမလိုပါဘူး။ အူအတက်ရောင်လို့ ဆေးရုံ၊ဆေးခန်းကို ရောက်လာတဲ့အခါမှာ အစာဖြတ်ပြီး လိုအပ်ရင် လိုအပ်သလို ပိုးသတ်ဆေးပေးလို့ရပါတယ်။ ပိုးသတ်ဆေးမပေးခင် သွေးစစ်ကြည့်ပါ။ သွေးထဲမှာ ရောင်ရမ်းတဲ့ ဓာတ်တွေ တက်နေတယ်။ သွေးထဲမှာ စီအာပီ (CRP) လို့ခေါ်တဲ့ ရောင်ရမ်းတဲ့ ဓာတ်တွေတက်နေပြီဆိုရင် ပြင်ပလက္ခဏာကို စမ်းသပ်ထားတဲ့အချက်အလက်တွေနဲ့ သွေးစစ်ထားတဲ့ အချက်အလက်တွေနဲ့ ပေါင်းစပ်ပြီးတော့ အာထာရာဆောင်းရိုက်ပါ။ အာထရောင်ဆောင်းမှာ မတွေ့ဘူးဆိုပေမယ့်လည်း မဖြစ်ဘူးလို့ ပြောလို့မရပါဘူး။ အူအတက်ရောင်နေပြီဆိုရင် ဆေးသွင်းပါ။ အစာဖြတ်ပါ။ အခြေအနေသိပ်မပြင်းထန်ဘူးဆိုပါက ခွဲစိတ်စရာမလိုဘဲ ပြန်ကောင်းသွားတတ်ပါတယ်။

Photo : Freepik

ဘယ်လိုအခြေအနေမှာ ခွဲစိတ်ဖို့လိုမလဲ။

ခွဲရမယ့်လက္ခဏာတွေက ဘာတွေလဲဆိုတော့ ပိုနာလာတယ်။ ဖြစ်တဲ့နေရာမှာ အထိမခံနိုင်အောင် နာလာတယ်။ အဖျားတွေ တက်လာတယ်။ သွေးဖြူဥတွေ တက်လာတယ်။ ဝမ်းတွေချုပ်ပြီးတော့ တချို့ကလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်လာတယ်။ တချို့ကလည်း ဝမ်းမသွားပေမယ့် အောင့်တာက မသက်သာဘူး။ လက္ခဏာတွေ က ပိုပြီးပြလာတာဆိုရင်တော့ ဒါက ခွဲစိတ်ရမယ့် လက္ခဏာပါ။ အချိန်မီ အူအတက်ကို အညှာကနေ ထုတ်ပြီးတော့ ခွဲစိတ်လိုက်တဲ့အခါ ပြန်ကောင်းသွားပါတယ်။ အူအတက်ရောင်ခြင်းက ဆေးလောကမှာ အများဆုံးခွဲစိတ်ရတဲ့ ရောဂါပါ။ ခွဲစိတ်ပြီးသွားတဲ့အခါမှာ ပြန်ကောင်းသွားတာများပါတယ်။ ဒါကြောင့် ခွဲစိတ်ဖို့ မကြောက်ပါနဲ့။

အူအတက်ရောင်ခြင်းကို ဘယ်လိုကာကွယ်မလဲ

(၁) အဓိက ဝမ်းမှန်အောင်နေပါ။

(၂) ရေများများသောက်ပါ။

(၃) လေ့ကျင့်ခန်းများများလုပ်ပါ။

(၄) အသီးအရွက်များများစားပါ။

ပေါ့ပေါ့ဆဆနေမိရင် ဘယ်လောက်ထိ အန္တရာယ်ရှိနိုင်လဲ

အူအတက်ရောင်နေပြီဆိုရင်တော့ စောစောစီးစီးကုသနိုင်လေ ကောင်းလေပဲ ဖြစ်ပါတယ်။

“ လက္ခဏာတွေ ပြလာပြီဆိုရင် နီးစပ်ရာ သက်ဆိုင်ရာ ဆေးခန်းကို ပြသပါ။ စောစောစီးစီးခွဲစိတ်ကုသတာက အန္တရာယ်ကင်းပါတယ်။ ခွဲစိတ်ဒဏ်ရာနည်းနည်းလေးနဲ့ ရောဂါကုသနိုင်ပါတယ်။ ခွဲစိတ်ဖို့ ကြောက်စရာမလိုပါဘူး။ မခွဲစိတ်ဘဲနဲ့ အူအတက်ပေါက်သွားမှ မကောင်းတဲ့ဝမ်းတွေပျံ့နှံ့ပြီး အသက်ဆုံးရှုံးနိုင်တယ်ဆိုတာကို သတိပြုပါ။”


ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်ဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမျိုးကြည်မှ အကြံပြုဆွေးနွေးဝေမျှပေးထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က