ပြင်သစ်နိုင်ငံအရှေ့ပိုင်း Strasbourg မြို့ရှိ ထင်ရှားတဲ့ ခရစ်စမတ်ဈေးတန်းတစ်ခုမှာ သေနတ်သမားသမားတစ်ဦးက ပစ်ခတ်မှုကြောင့် လူသုံးဦးထက်နည်း သေဆုံးခဲ့ပြီး နောက်ထပ် ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
(Photo: AFP)
ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီဝန်းကျင်က Strasbourg ခရစ်စမတ်ဈေးတန်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမား ထွက်ပြေးလွတ်မြောက်နေကြောင်း လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့က သေနတ်သမားကို လိုက်လံရှာဖွေနေဆဲဖြစ်ပြီး ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူတွေအနက် လေးဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာပတ်ဝန်ကျင်းဟာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆောင်ရွက်ချက်အရ စစ်သားများ ကင်းလှည့်စောင့်ကြပ်နေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ စစ်သားတွေနဲ့ သေနတ်သမားတို့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး သေနတ်သမားဟာ ဒဏ်ရာရသွားခဲ့ပေမဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။
(Photo: CGTN)
ရဲတပ်ဖွဲ့က သေနတ်သမားအဖြစ် သံသယရှိသူဟာ Strasbourg မြို့မှာ မွေးဖွားခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် Cherif Chekatt ဆိုသူ ဖြစ်တယ်လို့ ပြောထားပါတယ်။ လတ်တလောနှစ်များအတွင်း Strasbourg မြို့မှ မြိုခံအချို့ကို ဆီးရီးယားနိုင်ငံရှိ အစွန်းရောက်အုပ်စုများထံ သွားရောက်ပူးပေါင်းရန် ကြိုးပမ်းမှုကြောင့် ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။
အမည်မဖော်ပြတဲ့ လုံခြုံရေးသတင်းရင်းမြစ်နှစ်ခုက AFP သတင်းဌာနကို ပြောကြားမှုအရ သေနတ်သမားကို ပစ်ခတ်မှုဖြစ်ပွားတဲ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ ဖမ်းဆီးရန်စီစဉ်ထားခဲ့တယ်လို့ သိရပါတယ်။ ၎င်းကို လူသတ်ရန်ကြံစည်မှုဖြင့် စုံစမ်းထောက်လှမ်းနေခဲ့ကြောင်းလည်း လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။
(Photo: Getty Images)
Strasbourg ခရစ်စမတ်ဈေးတန်းမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် အနီးအနားရှိ အခြား ခရစ်စမတ်ဈေးတန်းတွေကို ဒီဇင်ဘာ ၁၁ ရက်ညမှာ ပိတ်ထားစေခဲ့ပြီး ဒေသခံတွေကို နေအိမ်အတွင်းမှာသာ နေထိုင်ကြရန် ညွှန်ကြားခဲ့ပါတယ်။ အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေး အထူးစုံစမ်းစစ်ဆေးရေးမှူးတွေက ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
(Photo: Reuters)
ခရစ်စမတ်ဈေးတန်း ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Strasbourg မြို့ဟာ ဂျာမနီနိုင်ငံနဲ့ နယ်စပ်အနီးမှာ တည်ရှိကြောင်း သိရပါတယ်။ ပြင်သစ်မှာ ၂၀၁၅ ခုနှစ်မှစပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေကို တပ်လှန့်ထားခဲ့ပါတယ်။ ဒါ့အပြင် ယခု လပိုင်းအတွင်းမှာလည်း ပြင်သစ်နိုင်ငံတစ်ဝှမ်း အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့တာကြောင့် လုံခြုံရေးအင်အားကို တိုးချဲ့ချထားကြောင်း သိရပါတယ်။