ခွင့်တူညီမျှလူမှုဘဝဆိုတဲ့ဆောင်ပုဒ်နဲ့အညီ မတရားမှုတွေနဲ့ကြုံရတဲ့အခါ အချင်းချင်း အပြန်အလှန်ပူးပေါင်းကူညီနိုင်စေဖို့ရည်ရွယ်ပါတယ်။

" ပြောကြမယ်-Let's Talk " အစီအစဉ်ဆိုတာ ခွင့်တူညီမျှလူမှုဘဝဆိုတဲ့ဆောင်ပုဒ်နဲ့အညီ မတရားမှုတွေနဲ့ကြုံရတဲ့အခါ အချင်းချင်း အပြန်အလှန်ပူးပေါင်းကူညီနိုင်စေဖို့ ပြည်သူလူထုကြားတရားမျှတမှုဆိုင်ရာကိစ္စတွေပြောဆိုဆွေးနွေး လာစေရေးအားပေးတဲ့ တရားမျှတမှုဆိုင်ရာ အစီအစဉ်တစ်ခုပါပဲ။

ဒီအစီအစဉ်ဟာဆိုရင် အများပြည်သူအကျိုးအတွက်ရည်ရွယ်ဆောင်ရွက်နေတဲ့ My Justice ရဲ့တရားမျှတမှုဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်ပြီး British Council ကနေ ဥရောပသမဂ္ဂရဲ့အထောက်အပံ့နဲ့ဆိုင်ရွက်နေတာပါ။

လက်ရှိအချိန်မှာ ပြည်သူတွေဟာတရားမျှတမှုဆိုင်ရာစနစ်အပေါ်ယုံကြည်မှုအားနည်းနေပြီး ဥပဒေဆိုတာလူတစ်ဦးချင်းစီ ရဲ့ အခွင့်အရေးကိုအကာအကွယ်ပေးဖို့ထက် ရပ်ရွာတည်ငြိမ်အေးချမ်းရေးနဲ့ထိန်းချုပ်မှုတွေဆောင်ရွက်ဖို့အတွက်သာ တည်ရှိနေတယ်လို့ လူအများစုကနားလည်သဘောပေါက်လျက်ရှိကြောင်း ၂၀၁၇ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ My Justice စစ်တမ်းအရတွေ့ရှိရပါတယ်။

ပြောကြမယ်အစီအစဉ်တွေပြုလုပ်ခြင်းဖြင့် လူထုကြားမှာ တရားမျှတမှုဆိုင်ရာပြောဆိုဆွေးနွေးမှုတွေရှိလာပြီး တရားမျှတမှုရရှိနိုင်မယ့်နည်းလမ်းတွေကိုအတူတကွရှာဖွေနိုင်လာလိမ့်မယ်လို့ My Justice စီမံကိန်းယုံကြည်ထားတယ်လို့ သိရပါတယ်။

ပြောကြမယ်အစီအစဉ်ကို ပြည်သူ့အကျိုးပြုကြော်ငြာတွေ၊ ရုပ်သံနဲ့ ရေဒီယိုလိုင်းတွေမှာထုတ်လွှင့်မယ့်တွေ့ဆုံဆွေး နွေးခန်းတွေ၊ ပြောကြမယ်အစီအစဉ်ရဲ့ Facebook Page ၊ Billboard တွေ၊ ဂီတဖျော်ဖြေပွဲတွေ၊မြေဝိုင်းပြဇာတ်၊ တရားမျှတမှုရရှိအောင်ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ ကာတွန်းစာအုပ်စတဲ့ မီဒီယာချန်နယ်အသီးသီးကနေ လူထုကြားရောက်ရှိအောင်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင်လက်တလောမြန်မာလူထုကြားရေပန်းစားနေတဲ့မင်းသားတစ်လက်ဖြစ်တဲ့ ဇဏ်ခီ ကို ပြောကြမယ်အစီအစဉ်ရဲ့ သံတမန်တစ်ဦးအဖြစ်ခန့်အပ်ထားပြီး ဇဏ်ခီဟာဆိုရင် ပြောကြမယ်အစီအစဉ်ရဲ့အဓိကဆောင်ပုဒ်ဖြစ်တဲ့ ခွင့်တူညီမျှလူမှုဘဝ ဆိုတဲ့အတိုင်း လူတိုင်းအခွင့်အရေးတန်းတူညီမျှရရှိပြီး မျှမျှတတဆက်ဆံခံရသင့်တယ်ဆိုတဲ့ အယူအဆကိုထောက်ခံအားပေးသူပါ။

My Justice စီမံကိန်းကနေ ပြောကြမယ်အစီအစဉ်ပြုလုပ်ခြင်းကြောင့် လူထုကြားမှာ ဆင်းရဲချမ်းသာမရွေး၊ အင်အားကြီးသူ အင်အားနည်သူ၊ သန်းစွမ်းသူ၊မသန်စွမ်းသူမခွဲခြားဘဲ လူမျိုးဘာသာမရွေး ခွင့်တူညီမျှလူမှုဘဝဆိုတဲ့ဆောင်ပုဒ်နဲ့ ထိုက်တန်တယ်ဆိုတဲ့အချက်ခိုင်မာလာမှာဖြစ်ပါတယ်။ဒါ့အပြင်တရားမျှတမှုဆိုတာလူတစ်ဦးတည်းရဲ့ကိုယ်ရေးကိုယ်တာမဟုတ်ဘဲ အားလုံးဝိုင်းဝန်းအဖြေရှာသင့်တဲ့ ကိစ္စတစ်ရပ်ဖြစ်ပြီး တရားမျှတမှုရရှိရေးဆောင်ရွက်ပေးသူတွေကလည်း ပြည်သူတွေနဲ့ အတူတရားမျှတမှုရရှိဖို့ ဝိုင်းဝန်းအဖြေရှာဆောင်ရွက်လာဖို့ တိုက်တွန်းသွားမှာလည်း ဖြစ်ပါတယ်။

" မြေယာအငြင်းပွားမှုပဲဖြစ်ဖြစ်၊ မူးယစ်ဆေးကုန်ကူးတာပဲဖြစ်ဖြစ်၊ အမျိုးသမီးတွေကို အကြမ်းဖက်တဲ့ကိစ္စပဲဖြစ်ဖြစ် မြန်မာလူထုကတရားစီရင်ရေးစနစ်ကိုအားကိုယုံကြည်မှုမရှိတာ၊ ဒါမှမဟုတ် ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုမသိတာမျိုးတွေ တွေ့ရပါတယ်။တရားမျှတမှုလက်လှမ်းတိုးမြှင့်လုပ်ဆောင်ဖို့အတွက် မူဝါဒပိုင်းဆိုင်ရာမှာတက်ကြွစွာလုပ်ဆောင်ဖို့ လိုအပ်သလို ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုကလည်း အလွန်အရေးကြီးပါတယ် " လို့ My Justice စီမံကိန်းရဲ့ အဖွဲ့ခေါင်းဆောင် ကိတ်တလင်းရှိတ်ဂါ ကပြောပါတယ်။

ပြောကြမယ်အစီအစဉ်အထိမ်းအမှတ်အနေနဲ့ လာမယ့် ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလ၊ ၂၇ ရက်နေ့မှာ အင်ပါယာတီးဝိုင်း၊ Rose Of Sharon နဲ့တခြားနာမည်ကြီးအဆိုတော်တွေပါဝင်မယ့် We Rock For Justice ဆိုတဲ့ဂီတဖျော်ဖြေပွဲကြီးတစ်ခုကို ကျင်းပသွားဖို့ရှိနေပါတယ်။

ပြောကြမယ်အစီအစဉ်ရဲ့ လူမှုကွန်ယက်စာမျက်နှာ ပြောကြမယ်-Let's Talk ကနေလည်း တရားမျှတမှုဆိုင်ရာအကြောင်း အရာတွေကိုဆွေးနွေးသွားမှာဖြစ်ပြီး တရားမျှတမှုရရှိနိုင်ဖို့ဆောင်ရွက်နိုင်မယ့် သတင်းအချက်အလက်တွေကိုလည်း ပြည်သူတွေအတွက်မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က