ဒေါ့မွန်ကတော့ မနေ့ညက ဘိုချမ်နဲ့ကစားခဲ့တဲ့ပွဲမှာ ၁ ဂိုးစီသရေကျသွားခဲ့လို့ တော်တော်နစ်နာသွားခဲ့ရပါပြီ။ ရာသီကုန်ဆုံးဖို့အတွက် ၅ ပွဲသာ လိုတော့ချိန်မှာ ဘိုင်ယန်မြူးနစ်ကို ၁ မှတ်အသာနဲ့ ဦးဆောင်ထားပြီးမှ မနေ့ညကပွဲကို သရေကျသွားခဲ့တာပါ။ ဒါကြောင့် ဟာသာဘာလင်နဲ့ ကစားရမယ့်ပွဲကိုသာ ဘိုင်ယန်တို့ အနိုင်ရခဲ့မယ်ဆိုရင် ဒေါ့မွန်အထက်ကို ပြန်လည်ရောက်ရှိသွားမှာဖြစ်ပါတယ်။
ဘိုချမ်နဲ့ပွဲမတိုင်ခင်မှာ ဒေါ့မွန်အသင်းသားတွေအားလုံးက လက်ကျန် ၅ ပွဲကို အစွမ်းကုန်အားထုတ်သွားမယ်လို့ ပြောဆိုခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ခက်ခက်ခဲခဲတောင် ကစားသွားခဲ့ရပါတယ်။ ဘွန်ဒက်လီဂါကို ဘိုင်ယန်မြူးနစ်က လွှမ်းမိုးထားခဲ့တာမှန်ပေမယ့်လည်း သူတို့ရဲ့ ပြိုင်ဘက်တွေက ဒီလိုမျိုး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့်လည်း သူတို့အတွက် ပိုလွယ်ကူနေခဲ့တာပါ။
ပွဲအပြီးမှာ ဒေါ့မွန်နည်းပြ တာဇစ်က "ကျနော်တို့အတွက် အရမ်းခါးသီးပါတယ်၊ ပွဲက ပြင်းထန်မှုရှိခဲ့ပြီး ကျနော်တို့မှာ အခွင့်အရေးတွေ ရခဲ့ပါတယ်၊ ကျနော့်ရဲ့ လေသံအတွက်တော့ တောင်းပန်ပါတယ်၊ ခံစားချက်တွေ သိပ်မကောင်းလို့ပါ၊ ပြီးခဲ့တဲ့တပတ်ကမှ ကျနော်ပြောခဲ့ပါသေးတယ်၊ ဆုဖလားအတွက် တခုတည်းသောအခွင့်အရေးပဲလို့ပြောခဲ့တာပါ"
"ပင်နယ်တီရမယ့်အခွင့်အရေးတွေကို ဒိုင်လူကြီးတွေက ငြင်းဆန်ခဲ့ပြီး ဒါကို နောက်တကြိမ်ပြန်ကြည့်လိုက်ပါလို့ သူတို့ကို ကျနော် ပြောခဲ့ပါတယ်" လို့ ဆိုပါတယ်။ ဒေါ့မွန်ဟာ ပွဲချိန်နှောင်းပိုင်းမှာ သေချာပေါက်ပင်နယ်တီရရှိမယ့် အနေအထားရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အံ့အားသင့်ဖွယ်ရာ ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။
ဘိုချမ်ပင်နယ်တီဧရိယာထဲမှာ ဘောလုံးရယူဖို့ ကြိုးစားခဲ့တဲ့ ကာရင်အဒီယီမီကို ဘိုချမ်နောက်ခံလူက ဘောလုံးမထိဘဲ အလွတ်ကြီးဝင်တိုက်ခဲ့တာဖြစ်ပြီး ပင်နယ်တီသေချာပေါက်ပေးရမယ့် အနေအထားပါ။ ဒီအခွင့်အရေးကို ဒေါ့မွန်တို့ လက်လွှတ်ခဲ့ရပြီး သရေကျခဲ့ကာ တဖက်က ဘိုင်ယန်အတွက်တော့ ဒီပွဲရလဒ်က ကျေနပ်စရာကောင်းခဲ့ပါတယ်။